DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကပ်ဘေးကာလ မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့မသွားဘဲ ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ဝင်ရန်မျှော်မှန်း 
DVB
·
June 17, 2020
ကိုဗစ်ကပ်ဘေးကာလ မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့မသွားဘဲ ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ဝင်ရန်မျှော်မှန်း 
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏ လျော့နည်းသွားတာမရှိဘဲ ဒီနှစ်မှာ မျှော်မှန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ပြည့်မီနိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏကို အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ   ဝင်ရောက်နိုင်ဖို့ လျာထားတာဖြစ်ပြီး လက်ရှိအချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျော့မသွားတဲ့အတွက် လျာထား ချက်ပြည့်မီ နိုင်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အွန်လိုင်းကနေ ဆွေးနွေးစဉ် ပြောကြားလိုက်တာပါ။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်နှစ်လုံး အတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅ ဘီလီယံ ခွင့်ပြုခဲ့ပြီး အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေလအထိ ရှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၉ ဘီလီယံ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အဆက်မပြတ် စီးဝင်လာမယ် မျှော်လင့်ရကြောင်း ပြောပါတယ်။

ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေကို ပိုမိုဖော်ဆောင်ပေးနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ်ခွင့်ပြုပေးခဲ့ရာ အခုဘဏ္ဍာနှစ်မှာ မေလအထိ စုစုပေါင်း အလုပ်အကိုင်အခွင့်အလမ်း ၁၆၈၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့တယ်လို့လည်း ဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။ 

နိုင်ငံတကာအဖွဲ့အစည်းတွေထံက ချေးငွေ ရရှိမှုအနေနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံ မှ အမေရိကန် ဒေါ်လာသန်း ၇၀၀၊ ဂျပန်နိုင်ငံမှ အမေရိကန် ဒေါ်လာသန်း ၂၇၀၊ ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၂၅၀၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၃၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံရရှိထားတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးဦးမော့လာဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ  အမြောက်အမြား ဝင်ရောက်ဖို့ အရေးကြီးသလို အခုလိုဝင်ရောက်လာဖို့ တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို  ဖိတ်ခေါ်နေတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ ထိုင်းနဲ့ ကိုးရီးယားနိုင်ငံတွေကနေ စက်မှုဇုန်တွေ တည်ထောင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ခွင့်ပြုထားသလို စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံဖို့  ကမ်းလှမ်းချက်တွေကိုလည်း စိစစ်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နဲ့  ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့  စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၁၆ ရက်နေ့က စကားဝိုင်းဆွေးနွေးခဲ့ကြတာပါ။

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်းမှာ စီးပွားရေးထိခိုက်မှု အများဆုံးခံစားရတဲ့ အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်ခရီးသွားလုပ်ငန်းနဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေထုတ်ပေးနေတာတွေ၊  နိုင်ငံတကာချေးငွေပံ့ပိုး ရရှိမှုအခြေအနေ၊ ကိုဗစ်ကာလမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက ဦးစားပေးလုပ်ဆောင်ဖို့ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013