
ဂါနာ ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးဟာ အဖွင့်ပွဲစဉ်တုန်းက ဗီဇာမရလို့ ကနေဒါနိုင်ငံကို သွားခွင့်မရခဲ့ပေမဲ့ အမေရိကန်မှာ အင်္ဂလန်နဲ့ ကစားမဲ့ပွဲအတွက် အသင့်ရှိနေပါတယ်။
အသက် ၃၃ နှစ်အရွယ် အာဆင်နယ် ကစားသမားဟောင်း ပါတေးဟာ ဗြိတိန်မှာ ရာဇဝတ်မှုဆိုင်ရာ စစ်ဆေးမှုတွေ ရှိနေတာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်က ကနေဒါမှာ ကန်ခဲ့တဲ့ ပနားမားနဲ့ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် အကောက်ခွန်ကတော့ ပါတေးကို ပြစ်မှုထင်ရှားခြင်းမရှိသေးတာကြောင့် ဗီဇာထုတ်ပေးပြီး ဝင်ခွင့်ပြုခဲ့ပါတယ်။ အင်္ဂလန်နဲ့ပွဲကို ဘော့စတွန်မြိုမှာ ကစားမှာ ဖြစ်ပါတယ်။
ဗီလာရီးရဲလ် ကစားသမား ပါတေးကတော့ “ဒါတွေက ဘောလုံးပွဲရဲ့ အစိတ်အပိုင်းပါပဲ။ ဘောလုံးပွဲပြင်ပမှာ ထိန်းချုပ်လို့မရတဲ့ကိစ္စတွေ ဖြစ်တတ်ပါတယ်။ အခုတော့ ကျနော် ကောင်းကောင်းခံစားရပြီး ကစားဖို့ အသင့်ရှိပါတယ်” လို့ ပြောပါတယ်။
ဂါနာနည်းပြ ကားလိုစ် ကွီရိုစ်ကလည်း အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီလို အသင်းကြီးတွေနဲ့ ကစားရတာဟာ အလွယ်ဆုံးပွဲမျိုး ဖြစ်ကြောင်း ဆိုပါတယ်။ ကစားသမားတွေဟာ အပြည့်အဝ စိတ်အားထက်သန်နေတယ်လို့လည်း သူက ပြောပါတယ်။










