DVB Logo
Home
မြန်မာသတင်း
တမူးနယ်စပ် အိန္ဒိယဘက်ခြမ်းတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ပြန်လက်ခံမည်
DVB
·
June 13, 2020
တမူးနယ်စပ် အိန္ဒိယဘက်ခြမ်းတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ပြန်လက်ခံမည်
Donate to DVB

မြန်မာနယ်စပ် အိန္ဒိယဘက်ခြမ်းမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နယ်စပ် ဂိတ်စခန်းကတဆင့် ပြန်လည်လက်ခံသွားမယ်လို့ တမူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ပြန်ဝင်လာမယ့်သူတွေဟာ လူမှုအဖွဲ့စည်းတွေကတဆင့် ချိတ်ဆက်ပြီး စာရင်းပေးလာကြသလို လွှတ်တော်ကိုယ်စားလှယ်တွေဆီကို အကြောင်းကြားလာတဲ့အတွက် အခုလို ဆောင်ရွက်ရတာလို့ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။

“ပြန်လာမယ့်သူတွေက ၁၀၉ ယောက် စာရင်းရှိထားတယ်။ လူမှုအဖွဲ့စည်းတွေဆီက ချိတ်ဆက်လာသလို ကျနော့်ကို တိုက်ရိုက်အကြောင်းကြားလာတာတွေလည်း ရှိတယ်။ အဲဒီမှာ တရားဝင် သွားရောက်သူတွေရှိသလို တရားမဝင် သွားရောက် အလုပ်လုပ်နေသူတွေလည်း ရှိတယ်။ တချို့ကလည်း ဘုရားဖူးသွားသူရော ဆေးသွားကုသူတွေလည်း ရှိတယ်။ ကိုဗစ် ကပ်ရောဂါဖြစ်လာတော့ သူတို့အနေနဲ့ ပိတ်မိနေကြတာ။ ဒါကို စနစ်တကျ စာရင်းလုပ်ပြီး တရားဝင် ဝင်ရောက်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း ပြန်လာကြဖို့ ဖိတ်ခေါ်ထားတာ ရှိတဲ့အတွက် အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ အတိကျ စာရင်းပေးလာရင်တော့ တရားဝင် သွားရောက်သူရော တရားမဝင်သွားရောက်သူ‌ရောပါ လက်ခံသွားမှာပါ။”

အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်မှာလည်း မြန်မာဘက်ကနေ သွားရောက် အလုပ်လုပ်ကိုင်နေကြသူ ၁ သိန်းကျော်ရှိနေပြီး အိန္ဒိယနိုင်ငံတဝန်းလုံးမှာတော့ ခန့်မှန်းမရနိုင်ဘူးလို့ ဆိုပါတယ်။

အခု ပြန်ဝင်လာမယ့်သူတွေက စစ်ကိုင်းတိုင်းအတွင်း နယ်ပယ်အနှံ့က သွားရောက်သူတွေ ဖြစ်ကြပြီး အခုလို နယ်စပ်က ပြန်ဝင်လာချိန်မှာ တမူးမြို့ပေါ်မှာပဲ Facility Quarantine အဖြစ် ၂၁ ရက် ထားရှိသွားမယ်လို့ သိရပါတယ်။

Quarantine ဝင်သူတွေ ကျန်းမာရေးနဲ့ စားရေး သောက်ရေးကိုတော့ စစ်ကိုင်းတိုင်းအစိုးရက စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်အရ ပြန်တွင်း ပြန်လာလိုတဲ့ နိုင်ငံသားမှန်သမျှကို လေဆိပ်တွေ၊ ဆိပ်ကမ်းတွေနဲ့ နယ်စပ်ဂိတ်စခန်းတွေမှာ တရားဝင်စနစ်တကျ လက်ခံဆောင်ရွက်နေပြီး တရားဝင်နယ်စပ်ဂိတ်စခန်းက မဟုတ်ဘဲ တရားမဝင် ထွက်ပေါက်ကနေ ပြန်ဝင်လာသူနဲ့ လက်ခံသူတွေကိုတော့ အရေးယူသွားမယ်လို့ ပါရှိပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013