DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းမြို့နယ် တိုက်ပွဲများ၌  AA နှင့်အတူ BPLA က ပူးပေါင်းတိုက်ပွဲဝင်နေ
DVB
·
March 26, 2026
Photo: BPLA
Photo: BPLA
Donate to DVB

ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တပ်နယ်အတွင်းရှိ ကပစ ၁၆ အနီး တိုက်ပွဲတွေမှာ အာရက္ခတပ်တော် (AA)နဲ့ အတူ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့  ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က မတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ပန်းတောင်းမြို့နယ် ကပစ ၁၆ အနီး တိုက်ပွဲတွေမှာ BPLA ရဲ့ အညာစစ်ဒေသ အမှတ် ၃၀၈ ဗျူဟာနဲ့ မြေလတ်စစ်ဒေသ၊ အမှတ် ၂၀၃ ဗျူဟာက ရဲဘော်တွေ ဝင်ရောက် တိုက်ပွဲဝင်နေကြတာဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက သိမ်းပိုက်ရရှိခဲ့ကြတဲ့ ပွိုင့်-၆၆၆ စခန်းကုန်းသိမ်းတိုက်ပွဲတွေမှာလည်း BPLA တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပန်းတောင်းမြို့နယ်က တိုက်ပွဲတွေမှာ တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေးနဲ့ အမိန့်နာခံမှု ကောင်းမွန်တဲ့ ရဲဘော်တွေကိုလည်း ထူးချွန်ဆုပေးအပ်တာ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေကို သူရဲကောင်းဆုပေးအပ်တာ၊ ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေကို အာဇာနည် သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ကာ သူတို့ရဲ့ သက်ဆိုင်ရာမိသားစုဝင်တွေဆီကို ဂုဏ်ပြုမှတ်တမ်းနဲ့ ထောက်ပံ့ငွေ ပေးအပ်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ BPLA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဆက်လက်ပြီးလည်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့ တောင်ပိုင်းစစ်ဒေသ၊ မြေလတ်စစ်ဒေသနဲ့ အညာစစ်ဒေသ ဆိုပြီး စစ်ဒေသ ၃ ခု ဖွဲ့စည်း တည်ဆောက်ပြီး မဟာမိတ်တပ်တွေနဲ့အတူ စစ်တပ်ကို ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောထားပါတယ်။

အာရက္ခတပ်တော်နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ တိုက်ပွဲတွေ ဖော်ဆောင်နေကြတာဖြစ်ပြီး မိုးထိ၊ ပုဂံကွဲ၊ ချင်းကုန်း၊ ညောင်ကျိုး၊ ပွိုင့်-၆၆၆ စခန်း အပါဝင် စစ်ကောင်စီတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက် ထိန်းချုပ်ထားပြီး လက်ရှိမှာလည်း ကပစ-၁၆ အနီး ၃ မိုင် ပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြဆဲ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီဟာ ကပစ-၁၆ အနီးက တော်လှန်ရေးအင်အားစုတွေရှိတဲ့ နေရာတွေကို ထိုးစစ်ဆင်မှုတွေ ရှိနေသလို ညောင်ကျိုးစခန်းဘက်ကိုလည်း ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ပန်းတောင်းဘက်က တိုက်ပွဲတွေက နေ့တိုင်းရှိနေတယ်။ အထူးသဖြင့် ကပစ-၁၆ ပတ်ဝန်းကျင်မှာ ထိတွေ့တိုက်ပွဲတွေက ရှိနေတယ်။ အထူးသဖြင့် စစ်ကောင်စီက ကပစ-၁၆ ကို ကာကွယ်ဖို့နဲ့ ကာကင်းစခန်းတွေ အခိုင်အမာ ရရှိနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေကြတာ။ ညောင်ကျိုးဘက်မှာလည်း ဒရုန်းတွေနဲ့ ပါရာမော်တာတွေ သုံးပြီး တိုက်ခိုက်နေတာတွေ ရှိတယ်။ တော်လှန်ရေး ပူးပေါင်းတပ်တွေကတော့ စစ်ကောင်စီထိုးစစ်တွေကို အကောင်းဆုံး ခုခံထားပြီး ဗျူဟာအရ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလည်း ရှိနေတယ်။”

လက်ရှိမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ကပစ-၁၆ နဲ့ ၃ မိုင် ပတ်ဝန်းကျင်အထိ ရောက်ရှိနေကြပြီး ကပစ-၁၆ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့မှာ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက တိုက်ပွဲဖော်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013