တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဩဂုတ်လနှောင်းပိုင်းမှ ထုတ်ပြန်နိုင်မည်
DVB
·
June 13, 2020

တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်စာရင်းတွေကို လာမယ့် ဩဂုတ်လနှောင်းပိုင်းလောက်မှသာ ထုတ်ပြန်နိုင်မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
နှစ်စဉ် ဇွန်လနဲ့ ဇူလိုင်လတွေမှာ ဆယ်တန်းအောင်စာရင်းတွေကို ထုတ်ပြန်ကြေညာလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် အဖြေလွှာစစ်ဆေးမှုတွေကို နောက်ကျ လုပ်ဆောင်ခဲ့ရတာပါ။
ဒါ့ကြောင့် အောင်စာရင်းကိုလည်း နောက်ကျမှ ထုတ်ပြန်နိုင်မယ်လို့ ဇွန်လ ၁၂ ရက်က နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစိုးရသတင်းစာရှင်းလင်းပွဲအပြီးမှာ ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့တာပါ။
“လုပ်နေကျ အစီအစဉ်အတိုင်းပဲ ဆောင်ရွက်နေတယ်။ အခုအချိန်ကာလက ရွေ့သွားတယ်။ ရွေ့သွားတော့ အောင်စာရင်းထွက်တဲ့အချိန်ကလည်း ရွေ့ပြီပေါ့နော်။ အဲ့ဒီတော့ ဝန်ကြီး အမိန့်ရှိသလိုပဲ ဩဂုတ်လ နောက်ပိုင်းမှပဲ မှန်းလို့ရမယ်။”
ဆယ်တန်းအဖြေလွှာတွေ စစ်ဆေးမှုကို အခု ၅ ရက်နေ့ကနေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပြီး အဆင့်ဆင့်ဖြတ်သန်းမှုက နှစ်လခန့် ကြာမြင့်တယ်လို့ ဆိုပါတယ်။
အောင်စာရင်းတွေ ထုတ်ပြန်ရာမှာလည်း ကိုဗစ်-၁၉ အခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန စာစစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။
ဦးမျိုးညွန့်က “တကယ်လို့ COVID ရဲ့ Social distancing ရှိနေမယ်ဆိုရင်တော့ ဝဘ်ဆိုဒ်တမျိုးတည်းက ထုတ်မယ်။ တကယ်လို့ Social distancing အရ ဒီကာလကြီး ပြီးသွားပြီဆိုရင် ပုံမှန်အတိုင်း ကြေညာမယ်” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ကာလကို အချိန်မီ ပြီးစီးအောင် ဖြေဆိုခဲ့ရတဲ့ အခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူပေါင်း ၉ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)