တပ်မိသားစု မဲဆန္ဒရှင်စာရင်းပြုစုတင်ပြရန် ရွေးကောက်ပွဲကော်မရှင်တောင်းခံ
ချမ်းမြေ့မောင်
·
June 9, 2020

တပ်မတော်သားမိသားစုဝင်တွေရဲ့ မဲဆန္ဒရှင်စာရင်းကို ပြုစုတင်ပြပေးဖို့ တပ်မတော်ဘက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်သွယ်အကြောင်းကြားထားပါတယ်။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလမှာကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။
ဒီလိုကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာမှာ ကော်မရှင်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံကို တပ်ရင်းတပ်ဖွဲ့မဲရုံတွေ လျာထားဆောင်ရွက်နိုင်ရေး တပ်မတော်သားတွေနဲ့ အတူနေမိသားစုဝင်တွေရဲ့ အခြေခံမဲဆန္ဒရှင် စာရင်း ရရှိနိုင်ရေးကို ပေးပို့တောင်းခံထားပါတယ်။
ဒီလိုတောင်းခံရာမှာ တိုင်းစစ်ဌာနချုပ်ကနေ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့လမ်းညွှန်ချက်နဲ့အညီ မဲစာရင်းပြုစုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ပြန်လည်ပေးပို့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူကပြောပါတယ်။
တပ်မတော်ဘက်က ပြုစုထားတဲ့မဲစာရင်း ပြန်လည်ပေးပို့မယ့်ရက်ကိုတော့ ကန့်သတ်ထားတာ မရှိဘူးလို့ ကော်မရှင်ကဆိုပါတယ်။ တပ်မတော်သားမိသားစုဝင်တွေရဲ့ မဲစာရင်းကို အတိအကျရဖို့ကတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ နည်းဥပဒေတွေအရ အခက်အခဲ ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေက ပြောပါတယ်။
အခြေအနေအရ တပ်ဘက်ကပေးတဲ့မဲစာရင်းကိုပဲ ကော်မရှင်က လက်ခံအတည်ပြုနေရ တယ်လို့ ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ MYNFREL အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
နောက်ဆုံးပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေအရဆိုရင် တပ်တွင်းမဲရုံတွေ တပ်ပြင်ပကိုထုတ်လိုက်တာဟာ ပိုမိုပွင့်လင်းမြင်သာရှိသွားတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်အဖွဲ့တွေကဆိုပါတယ်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲပေးခွင့်ရသူစုစုပေါင်း ၃၇ သန်းကျော်ရှိပါတယ်။