အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်ဟာ ဇနီးဖြစ်သူ အူရှာဗန့်စ်နဲ့အတူ သူတို့ရဲ့ စတုတ္ထမြောက်ရင်သွေး သားယောက်ျားလေး မွေးဖွားကြောင်း ကြေညာလိုက်ပါတယ်။
အဲလက်နီးလ်ဗန့်စ်လို့ အမည်ပေးထားတဲ့ သားလေးကို ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ မွေးဖွားခဲ့တယ်လို့ လူမှုကွန်ရက်ကတဆင့် ဒုသမ္မတက ပြောပါတယ်။
“အူရှာနဲ့ ကလေး ကျန်းမာရေးကောင်းမွန်ပြီး တခြားကလေးတွေလည်း သူတို့ညီလေးကို တွေ့ရလို့ အရမ်းပျော်နေကြတယ်။”
ဝေါလ်တာရိဒ်ဆေးရုံက စောင့်ရှောက်ပေးခဲ့တဲ့ စစ်ဘက်ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ဗန့်စ်က ဖြည့်စွက်ပြောပါတယ်။
ဒါဟာ နှစ်ပေါင်း ၁၅၀ ကျော်ကာလမှာ တာဝန်ထမ်းဆောင်ဆဲ ဒုသမ္မတတယောက်အနေနဲ့ ကလေးမွေးဖွားတဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံမှာ အသက် ၉ နှစ်အရွယ် အီဝမ်၊ ၆ နှစ်အရွယ် ဗီဗက်နဲ့ ၄ နှစ်အရွယ် မီရာဘဲလ် ဆိုတဲ့ ကလေး ၃ ယောက်ရှိနှင့်ပြီး ဖြစ်ပါတယ်။
ဇနီးဖြစ်သူ အူရှာဟာ အိန္ဒိယနိုင်ငံကနေ အမေရိကန်ကို ပြောင်းရွှေ့လာခဲ့တဲ့ မိဘနှစ်ပါးကနေ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့မှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။
သူတို့ ၂ ယောက်ဟာ ၂၀၁၀ ပြည့်နှစ်က ယေးလ်ဥပဒေကျောင်းမှာ ကျောင်းတက်နေစဉ် စတင်တွေ့ဆုံခဲ့ကြတာပါ။
ဗန့်စ်ဟာ အမေရိကန်မှာ ကလေးမွေးဖွားနှုန်း မြင့်တက်လာစေဖို့ ထရမ့်ပ်အစိုးရအဖွဲ့ထဲမှာ တက်တက်ကြွကြွ တိုက်တွန်းနေသူတယောက်လည်း ဖြစ်ပါတယ်။
မိတ်ဆွေဖြစ်သူ ချာလီကာ့ခ် ပြီးခဲ့တဲ့နှစ်က အသတ်ခံရပြီးနောက် သားလေးကို ကိုယ်ဝန်ဆောင်ခဲ့တာဖြစ်ပြီး "ကျနော်တို့ဆီက အသက်တချောင်း အလုခံရပေမဲ့ နောက်အသက်တချောင်း ပြန်ရခဲ့တယ်" လို့ သူ့ရဲ့စာအုပ်မှာ ရေးသားထားပါတယ်။
Source: Reuters











