DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် တရားမဝင် ပန်းရောင်ကတ် ၁,၃၀၀ ကျော် စစ်ဆေးတွေ့ရှိ၊ မြန်မာကလေး အများဆုံးပါဝင်
DVB
·
August 19, 2026
Photo: Today
Photo: Today
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒင်ဒဲန်းနယ်မြေရှိ ဖလက်တိုက်ခန်းအိမ်ရာရဲ့ အိမ်ထောင်စုစာရင်းတွေမှာ  တရားမဝင် ပန်းရောင်နေထိုင်ခွင့်ကတ် ကိုင်ဆောင်သူ အမည်စာရင်းပေါင်း ၁,၃၀၀ ကျော် ထည့်သွင်းထားတာ စစ်ဆေးတွေ့ရှိပြီး အဲဒီထဲမှာ မြန်မာကလေး အများဆုံးပါဝင်တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင်က အဆိုပါ တိုက်ခန်းအိမ်ရာရဲ့ အိမ်ထောင်စုစာရင်းတွေမှာ ပန်းရောင်ကတ် (ထိုင်းနိုင်ငံသား မဟုတ်သူများ) ရဲ့ အမည်စာရင်းတွေ များစွာဖြည့်စွက်ထားသလို အခြားမြို့နယ်မှ ပြောင်းဝင်လာတာတွေလည်း အမြောက်အမြားရှိနေတာကို ထိုင်းလူဦး‌ရေနဲ့ မှတ်ပုံတင်ဌာနက မသင်္ကာဖွယ်ရာ စစ်ဆေးတွေ့ရှိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆာမ်ရန်း နွန်းမားက သတင်းထောက်တွေကို ပြောပါတယ်။ 

ဆက်လက်စုံစမ်းစစ်ဆေးရာမှာ မသမာမှုတွေရှိနေတာကြောင့် ဒင်ဒဲန်းနယ်မြေ မှတ်ပုံတင်ဌာန ဝန်ထမ်း ၃ ယောက်၊ အိမ်ရှင်နဲ့ ပွဲစား ၃ ယောက်၊ ထောက်ခံပေးသူ ၁ ယောက်၊ ပေါင်း ၇ ယောက်ကို တရားရုံးအမိန့်နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် ဗဟိုရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ အထွထွေအုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ အင်အား ၁၀၀ ကျော်ဟာ ဩဂုတ် ၁၈ ရက် မနက် ၆ နာရီကျော်က ဘန်ကောက် ဒင်ဒဲန်းနယ်မြေရှိ  ဖလက်အိမ်ရာ နေရာပေါင်း ၇ ခု ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

အဆိုပါအိမ်ရာမှာ တိုက်ခန်းပေါင်း ၅၇၂၆ ခန်းရှိပြီး ပန်းရောင်နေထိုင်ခွင့်ကတ် ကိုင်ဆောင်သူ အသက် ၅ နှစ်မှ ၁၅ နှစ်ရွယ် နိုင်ငံခြားသားကလေး ၁၃၆၆ ယောက်ရဲ့ အမည်စာရင်းတွေ တွေ့ရှိခဲ့ပါတယ်။ 

အခန်း ၄၄ ခန်းမှာဆိုရင်  တခန်းကို လူဦးရေစာရင်း ၁၆ ယောက်အထိ ထည့်ထားတယ်။ နောက်ထပ် ၃ ခန်းမှာ တခန်းကို လူဦး‌ရေ ၆၄ ယောက်၊ ၄၁ ယောက်နဲ့ ၃၅ ယောက်အထိ ထည့်သွင်းထားတယ်။ အဆိုပါအိမ်ရာရှိ တိုက်ခန်းတွေမှာ အလွန်ကျဉ်းမြောင်းပြီး မိသားစု ၄-၅ ယောက်သာ နေထိုင်နိုင်တာကို လူဦး‌‌ရေ မတန်တဆ ထည့်သွင်းထားတာလို့ ဆိုပါတယ်။ 

အိမ်ထောင်စုစာရင်းပိုင်ရှင်တယောက်ရဲ့ ပြောပြချက်အရ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ငွေကြေး အကျပ်အတည်းရှိလို့ မှတ်ပုံတင်ရုံးမှာ အလုပ်လုပ်နေတဲ့ ဆွေမျိုးတယောက်ထံ အကူအညီ တောင်းခဲ့တယ်၊ သူက ကလေးမွေးစာရင်းကိစ္စ ဆောင်ရွက်ဖို့ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်မိတ္တူတောင်းကာ ဘတ်ငွေ ၄,၅၀၀ ပေးခဲ့တယ်။ နောက်တော့မှ သူတို့အိမ်ထောင်စုစာရင်းထဲမှာ နိုင်ငံခြား ကလေးနာမည်တွေ ဖြည့်ထားတာလို့ ဆိုပါတယ်။ ဆိုလိုတာက အထောက်အထားကို အလွဲသုံးစားလုပ်ခံရတာလို့ ဆိုပါတယ်။ 

နောက်ထပ်အမျိုးသမီးတယောက်ကတော့ နိုင်ငံခြားသားမိဘတွေက သူတို့ကလေးကို ထိုင်းကျောင်းမှာ လာထားချင်လို့ ပန်းရောင်ကတ်လုပ်ဖို့ အိမ်ထောင်စုစာရင်းထဲ သွင်းခွင့်ပြုဖို့ အသိတယောက်ကနေ ဆက်သွယ်တယ်၊ ခွင့်ပြုခ ဘတ် ၅,၀၀၀ ရတယ်။ ဒါပေမဲ့ တကယ်တမ်း စာရင်းသွင်းတော့ တယောက်တည်း မဟုတ်ဘဲ အများကြီး ထည့်ထားတာကြောင့် ရဲစခန်းမှာ သွားပြီးတိုင်ချက်ဖ္ငင့်ထားတာလို့ ဆိုပါတယ်။ 

နောက်တယောက်ကတော့ သူ့အနေနဲ့ ကလေးတယောက်ကို အိမ်ထောင်စုစာရင်းသွင်းပေးဖို့ ဆက်သွယ်ခ ဘတ် ၈၀၀ ရတယ်၊  ဥပ‌ဒေနဲ့ ငြိစွန်းတယ်ဆိုတာ မသိပါဘူး၊ တခြားရပ်ကွက်တွေလည်း အဲဒီလိုလုပ်နေကြတာပဲလို့ ပြောပါတယ်။ 

ဒါကြောင့် တာဝန်ရှိသူတွေက နောက်ထပ် အခြားရပ်ကွက်တွေပါ ဆက်လက်စစ်ဆေးဖို့ ရှိလာတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေဟာ မနေ့က ဖမ်းဝရမ်းထုတ်ထားသူ ၇ ယောက်ကို ဖမ်းဆီးခဲ့ပြီး အစိုးရဝန်ထမ်း ၃ ယောက်ကို ရာထူးချထားကာ တာဝန်ဝတ္တရားလစ်ဟင်းမှု၊ မမှန်ကန်သော အချက်အလက်ပေါ် ထောက်ခံလက်မှတ်ထိုးမှု၊ တပါးသူရဲ့ အထောက်အထားကို ကာယကံရှင် ခွင့်ပြုချက်မရဘဲ အသုံးပြုမှု၊ မမှန်ကန်သော အချက်အလက်တွေကို ကွန်ပျူတာထဲ ထည့်သွင်းမှု စတဲ့ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ထိပ်စည်းဂဏန်း ၇ နဲ့စတဲ့ ပန်းရောင်နေထိုင်ခွင့်ကတ်ပြားဟာ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့  နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သားတို့ရဲ့ သားသမီးတွေအတွက် အစိုးရက ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီကတ်နဲ့ ထိုင်းမှာ နေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့် အခွင့်အရေးအပြင် အရွယ်ရောက်ပါက ဘဏ်စာရင်းဖွင့်ခွင့်တွေပါ ရရှိပါတယ်။ 

ပုံမှန်အားဖြင့် ကလေးမွေးဖွားလာပါက သက်ဆိုင်ရာ အိမ်ရှင် ဒါမှမဟုတ် အလုပ်ရှင်တို့ရဲ့ အိမ်ထောင်စုဇယား နေရပ်လိပ်စာမှာ ထည့်သွင်းရမှာ ဖြစ်တယ်၊ ဒီဖြစ်စဉ်မှာတော့ အိမ်ထောင်စုစာရင်း တခုတည်းကို လူဦး‌‌ရေ အမြောက်အမြား ထည့်သွင်းထားတာကြောင့် မသမာမှု သံသယတွေနဲ့ စစ်ဆေးဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဥပဒေနဲ့ မညီညွတ်သူတွေကို နေထိုင်ခွင့်ကတ်ပြား ထုတ်ပေးတာဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ကျူးလွန်သူတွေပါ ပါဝင်လာနိုင်ပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိပါးစေတာကြောင့် စီမံချက်နဲ့ ဖမ်းဆီးနှိမ်နင်းရတာလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

 Source - One News / The Reporters / Police TV 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013