မြေပုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော် နုတ်ထွက်စာတင်
DVB
·
June 5, 2020
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးကို တပ်မတော်က ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲဆိုပြီးနောက် မြို့နယ်အတွင်းက ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူး ၆၂ ဦး နုတ်ထွက်စာတင်လိုက်တယ်လို့ အုပ်ချုပ်ရေးမှူးတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက “ကျနော်တို့ နုတ်ထွက်စာတင်တာကတော့ အားလုံး ၆၂ နှစ်ယောက်ပါတယ်။ တင်တဲ့ အကြောင်းအရင်းကတော့ မိမိတို့ အသက်အန္တရာယ်ကို မလုံခြုံဘူးလို့ ခံစားရတာကြောင့် နောက်တခုက မိခင်ဌာနတွေကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အပြင် အကာအကွယ်မပေးတဲ့အတွက်ကြောင့် စိုးရိမ်သောကစိတ်နဲ့ ထွက်စာတင်ရတာဖြစ်ပါတယ်။”လို့ပြောပါတယ်။
မြေပုံမြို့ အငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်၊ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နဲ့ မြေပုံမြို့ မြောက်ပိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်သန်းတို့ကို အခုရက်ပိုင်းအတွင်း တပ်မတော်ကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀၊ ၅၂ တို့နဲ့ အမှုဖွင့်တရားစွဲခဲ့တာပါ။
အဲ့ဒီလို အုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က ဖမ်းဆီးတရားစွဲဆိုပြီးနောက်မှာ မြေပုံရပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ပေမဲ့ မရရှိခဲ့ပါဘူး။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ ဒီကနေ့ နေ့လယ် ၂ နာရီမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက အကြောင်းကြားလာတယ်လို့ ပြောပါတယ်။
မြေပုံမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၉ စု၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၈ ဦးရှိကြောင်းနဲ့ နောက်ထပ်အုပ်ချုပ်ရေးမှူးတွေလည်း ထွက်စာတင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ နှစ်ဘက်လက်နက်ကိုင်တွေ အကြားမှာ ကြားညှပ်နေပြီး လက်ကိုင်အဖွဲ့အစည်းတခုခုကို ကူညီမိရင် တပ်မတော် သို့မဟုတ် အစိုးရဘက်က အကြမ်းဖက်ဥပေဒတွေနဲ့ တရားစွဲဆိုတာတွေရှိလာတာကြောင့် သူတို့ဘဝ မလုံခြုံလို့ နုတ်ထွက်ကြတာလို့ ဦးဖေသန်းက သုံးသပ်ပါတယ်။
“အုပ်ချုပ်ရေးမှူးမရှိတဲ့အခါမှာ မြို့ပေါ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ ဆက်စပ်လုပ်ဖို့ တာဝန်ခံလုပ်ဖို့ ကျေးရွာတွေမှာ တာဝန်ခံခေါင်းဆောင်မရှိတဲ့အတွက် တရားဥပဒေစိုးမိုးရေးတို့ကို ဖော်ဆောင်နိုင်ဖို့ အလွန်အားနည်းသွားတယ်။ သူတို့အနေနဲ့ ကျေးရွာတွေမှာ တာဝန်ခံမှု၊ တာဝန်ယူမရှိတဲ့အတွက်ကြောင့် အစိုးရဌာန အုပ်ချုပ်ရေးယန္တရား ဟာလည်း အလိုလိုရပ်ဆိုင်းသွားတယ်။ တရားဥပဒေစိုးမှုတွေအားနည်းလာမယ်။ မတရားပြုကျင့်မှု များလာမယ်။ လူ့အခွင့်ရေးချိုးဖောက်မှုတွေများလာမယ်။”
ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်ကလည်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်က ရပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သူတို့ဘဝ လုံခြုံမှုမရှိတဲ့အတွက် နုတ်ထွက်စာတင်ခဲ့ကြပါတယ်။ အဲ့ဒီအထဲက တချို့ကတော့ အထွေထွေအုပ်ရေးဌာနက သဘောတူညီချက် တချို့ရရှိခဲ့တာကြောင့် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဝဏ္ဏခွာညို