DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မေလအတွင်း လူ ၂၀၀၀ ကျော်လေဘေးသင့်၊ ၂ လအတွင်း မိုးကြိုးပစ်ခံရပြီး  လူ ၇ ဦးသေဆုံး
DVB
·
June 3, 2020
ဧရာဝတီတိုင်းတွင် မေလအတွင်း လူ ၂၀၀၀ ကျော်လေဘေးသင့်၊ ၂ လအတွင်း မိုးကြိုးပစ်ခံရပြီး  လူ ၇ ဦးသေဆုံး
Donate to DVB

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ ပြီးခဲ့တဲ့မေလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၂၀၀၀ ကျော်လေဘေးသင့်ခဲ့ပြီး ၂ လအတွင်း လူ ၇ ဦး မိုးကြိုးပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနက သိရပါတယ်။

မေလအတွင်း လေပြင်းတိုက်ခတ်မှု ၄၅ ကြိမ်ဖြစ်ပွားခဲ့လို့ လူနေအိမ် ၆၄၅ လုံး၊ ဘာသာရေးကျောင်း ၇ ကျောင်းပြိုကျပျက်စီးခဲ့ပြီး  လူဦးရေ ၂၄၅၆ ဦး လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက ဒီဗွီဘီကို ပြောပါတယ်။

“တိုင်းအတွင်းက မြို့နယ်တွေမှာ ဒီမေလအတွင်း လေပြင်း ၄၅ ကြိမ်တိုက်ခတ်မှု ဖြစ်ပေါ်ခဲ့တယ်၊ လေဘေးသင့်ခဲ့တဲ့ နေအိမ်တွေကို ဦးစီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ထောက်ပံ့ တာတွေ ပြုလုပ်ပေးထားပါတယ်၊ လေဘေးသင့်တဲ့ လူဦးရေအလိုက် ဆန်နဲ့ အခြားရိက္ခာတွေ ထောက်ပံ့ ပေးတာတွေလည်းရှိပါတယ် လို့ ပြောပါတယ်။”

ဧရာဝတီတိုင်းမှာ မိုးဦးအကြိုကာလဖြစ်တဲ့ ဧပြီလမှစတင်ကာ ဇွန်လအထိ မိုးကြိုးပစ်ခတ်မှု ၉ ကြိမ်အထိရှိခဲ့ပြီး လူ ၇ ဦးသေဆုံးကာ  ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။

မိုးကြိုးပစ်ခံရလို့ သေဆုံးဒဏ်ရာရရှိသွားသူတွေဟာ ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ အိမ်မဲနဲ့ ကျောင်းကုန်းမြို့နယ်တွေကဖြစ်ပြီး အများစုက လယ်ကွင်းထဲသွားရင်း မိုးကြိုးပစ်ခံရတာလို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက တိုင်းဦးစီးမှူး ဦးသန်းစိုးက ဒီဗွီဘီကို ပြောပါတယ်။

မိုးကြိုးအပစ်ခံရလို လူသေဆုံးခဲ့ပါက သေဆုံးသွား သူအတွက်ကို ငွေကျပ်  ၃ သိန်းထောက်ပံ့ပေးသလို မိုးကြိုးအပစ်ခံရမှုကြောင့် ဒဏ်ရရလို့ ဆေးရုံ တက်ရသူတွေအတွက် ၁ ဦးကို ကျပ် ၅၀၀၀၀ နှုန်း ထောက်ပံ့ပေးနေတယ်လို့လည်း ဆိုပါတယ်။

အပူချိန်အရမ်းများလာပြီး မိုးတိမ်တောင်တွေဖြစ်ပေါ်မှုကြောင့် မိုးကြိုးပစ်တာတွေရှိနိုင်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ ကျေးလက်ဒေသတွေမှာ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေသလို ဟောပြောပွဲတွေမှာ မိုးကြိုးအန္တရာယ်အသိပညာပေးတာတွေနဲ့ လက်ကမ်း စာဆောင်တွေလည်း ပေးဝေနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မိုးကြိုးအပစ်ခံခဲ့ရမှုကြောင့် သေဆုံးသူ ၁၃ ဦးထိရှိခဲ့ကာ ဒဏ်ရာရရှိသူ ၂ ဦးရှိကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ မှတ်တမ်း တွေအရသိရပါတယ်။

ခုအချိန်ဟာ မိုးရာသီရောက်လာပြီဖြစ်တာမို့ လေပြင်းမုန်တိုင်းတွေ သဘာဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်ပြင်ဆင်နေတာရှိသလို လေဘေးသင့်တဲ့ အရပ်ဒေသကပြည်သူတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက်လည်း ဝန်ကြီးဌာနအနေနဲ့ တိုင်းဦးစီးမှူးရုံးက ကျပ်သိန်း ၅၀၀ နဲ့ ခရိုင်ရုံးတွေကို ကျပ် သိန်း ၃၀၀ အသုံးစရိတ်အနေနဲ့ ချပေးထားပါတယ်။

ဧရာဝတီတိုင်းမှာ မေလပထမပတ်အတွင်း ညောင်တုန်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင် မြို့နယ် ၅ ခုမှာ လေပြင်း ၄ ကြိမ်တိုက်ခတ်ခံခဲ့ရလို့ လူနေအိမ် ၁၇ လုံးပြိုကျပျက်စီးပြီး လူနေအိမ် ၁၁၅ လုံးမှာ အမိုးလန်ပျက်စီးခဲ့ကာ လူဦးရေ ၄၅၆ ဦး လေဘေးသင့်ခဲ့ပါတယ်။

လေဘေးသင့်တဲ့ပြည်သူတွေအတွက် ဆန်နဲ့အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးနဲ့ သွပ်မိုး ထရံကာ ပျဉ်ခင်းနေအိမ်တွေအတွက် ကျပ် ၂ သိန်းထောက်ပံ့ပြီး ဓနိမိုး ထရံကာ နေအိမ်တွေကို ကျပ် ၁ သိန်း နှုန်းနဲ့ စုစုပေါင်းထောက်ပံ့ငွေ ၃၁၄ သိန်းကိုထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

 မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013