DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စည်းကမ်းမလိုက်နာသည့် စျေးသည်များထံမှ ဒဏ်တပ်ငွေ ၅၃ သိန်းကျော်ရရှိ
DVB
·
June 2, 2020
ဧရာဝတီတိုင်းတွင် စည်းကမ်းမလိုက်နာသည့် စျေးသည်များထံမှ ဒဏ်တပ်ငွေ ၅၃ သိန်းကျော်ရရှိ
Donate to DVB

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် စည်ပင်သာယာစျေးတွေမှာ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့ ဈေးသည်တွေကို ဒဏ်တပ်အရေးယူရာမှာ ဒဏ်တပ်ငွေကျပ်  ၅၃ သိန်းကျော်ရရှိတယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။

စျေးတွေမှာ စျေးရောင်းချသူတွေအနေနဲ့ နေထိုင်မကောင်းတာတွေနဲ့ ဖျားနာတာတွေရှိရင် လာမရောင်းချဖို့ စည်းကမ်းထုတ်ထားသလို စျေးရောင်းချသူတွေအနေနဲ့လည်း Mask တပ်ရောင်းချဖို့ညွှန်ကြားထားပြီး စည်းကမ်းမလိုက်နာလို့ ဒဏ်တပ်အရေးယူခဲ့ရာမှာ ဇွန်လ ၁ ရက်နေ့ထိ စုစုပေါင်း ကျပ်  ၅၃၈၀၀၀၀ သိန်းကျော်ရရှိထားပြီလို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကိုပြောပါတယ်။

“ကူးစက်ရောဂါ ကူးစက်မှုတွေမဖြစ်ပွားအောင် စျေးတွေမှာ ထိန်းကျောင်းမှုတွေရှိပါတယ်။ စျေးတွေမှာ လာရောက်စျေးဝယ်သူတွေကို မြို့နယ်ကိုဗစ်-၁၉ ကော်မတီက Mask တပ်ဖို့ ထိန်း ကျောင်းတာတွေရှိသလို စျေးရောင်းသူတွေကိုတော့ စည်ပင်သာယာရေးကနေပြီး ညွှန်ကြား ချက်ထုတ်ပြန်ပြီး မလိုက်နာရင် အရေးယူ ဒဏ်ရိုက်မယ်ဆိုပြီး စည်ပင်ဥပဒေအရ ဒဏ်ရိုက် အရေးယူထားပါတယ်လို့ ပြောပါတယ်။”

ဧရာဝတီတိုင်းအတွင်း စည်ပင်သာယာ လက်အောက်ခံစျေး ၁၃၂ စျေးမှာ နေရာ အကွာ အဝေးသတ်မှတ်တာတွေနဲ့ စျေးသည်တိုင်း Mask တပ်ရောင်းချနိုင်ဖို့ သက်ဆိုင်ရာမြို့နယ် စည်ပင်အလိုက် စျေးသည်တွေကို အခမဲ့ပေးဝေတာမျိုးတွေနဲ့ တန်ဖိုးသင့်စျေးနှုန်းတွေနဲ့ ရောင်းချပေးတာမျိုးတွေပြုလုပ်ပေးပြီးနောက်ပိုင်း စည်းကမ်းမလိုက်နာတဲ့ စျေးသည်တွေကို အရေးယူဆောင်ရွက်တာတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ပျံကျစျေးတွေကို နေရာကျယ်ဝန်းတဲ့ ဘောလုံးကွင်း၊ ကစားကွင်းနဲ့ ဘုရားဝန်းတွေမှာ နေရာရွှေ့ပြောင်း ရောင်းချစေတာမျိုးတွေပြုလုပ်ပေးခဲ့ပေမဲ့  Mask အခမဲ့ပေးဝေတာမျိုးတွေတော့ မရှိဘူးလို့ စျေးသည်တွေက ပြောပါတယ်။

စျေးရောင်းချသူ မနီလာက “စျေးပြန်ဖွင့်ချိန်မှာ စျေးသည် တစ်ဦးကို ငါးထောင်ပေးရတယ်။ လက်ဆေးစင်တွေ၊ ဆပ်ပြာတွေ ဝယ်ဖို့အတွက်ဆိုပြီး စျေးကော်မတီကို ပေးရတယ်။ ကိုယ်ဖာ့သာကိုယ် စီစဉ်ရတာပေါ့နော်၊ စည်ပင်ကတော့ ပံ့ပိုးတာမရှိပါဘူး။ Mask တွေလည်း ကိုယ်တိုင်ဝယ်ရပါတယ်၊ ထုတ်ပေးတာ ဝေတာမျိုး မရှိပါဘူး”လို့ ပြောပါတယ်။

စည်ပင်သာယာက စျေးသည်တွေကို တစ်ဦးနဲ့ တစ်ဦး ၆ ပေကွာရောင်းချဖို့ နှာခေါင်းစည်းတပ်ဖို့ လက်အိတ်စွပ်ဖို့ စတဲ့စည်းကမ်းသတ်မှတ်ချက်တွေနဲ့အတူ အချိန်ကန့်သတ် ရောင်းချခိုင်းတာတွေရှိနေလို့ စျေးဝယ်များတဲ့အချိန်မှာ ရောင်းချခွင့်မရလို့ စားဝတ်နေရေးအဆင်ပြေအောင် မနည်းကြိုးစားရောင်းချနေရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကို မလိုက်နာလို့ စည်ပင်ဥပဒေနဲ့အရေးယူခဲ့ပေမဲ့ ခုချိန်ထိ စျေးတွေမှာရောင်းချနေတဲ့ စျေးသည်တွေက စည်းကမ်း လိုက်နာမှုမရှိသလို စျေးဝယ်သူတွေကလည်း စည်းကမ်းလိုက်နာမှု အားနည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁ ရက်အထိ ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ ၂ ဦးရှိနေပြီး ၂ ဦးလုံးက မလေးရှားနိုင်ငံကပြန်လာသူတွေဖြစ်ကာ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013