DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ဇွန် ၁ ရက်နေ့ စတင်၍ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမည်
DVB
·
May 31, 2020
မန္တလေးတွင် ဇွန် ၁ ရက်နေ့ စတင်၍ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမည်
Donate to DVB

ဇွန် ၁ ရက်ကစလို့ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးတာတွေကို မန္တလေးမှာ ပြုလုပ်တော့မှာဖြစ်ပြီး မော်လမြိုင်မှာလည်း လာမယ့်အပတ်ထဲ စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးနိုင်ဖို့  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှာ သင်တန်းတက်ခဲ့ကြရပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရနဲ့ မန္တလေးမြို့၊ မြို့ပြဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေရေးကော်မတီတို့က မော်လီကျူလာနည်းပညာနဲ့ စစ်ဆေးနိုင်ဖို့ ထောက်ပံ့လှူဒါန်းထားတဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ စာတွေ့၊ လက်တွေ့ သင်တန်းတွေ လုပ်ခဲ့ကြတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) ကလည်း နည်းပညာနဲ့ စက်ပစ္စည်း၊ ဓာတ်ခွဲပစ္စည်းတွေ ပံ့ပိုးခဲ့ပြီး ကိုဗစ်-၁၉ အတွက် အမှန်ကန် အတိကျဆုံးလို့ သတ်မှတ်ထားတဲ့ Real time RT-PCR နည်းပညာနဲ့ စစ်ဆေးခဲ့ရာမှာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်တိကျခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာလည်း ဒီဓာတ်ခွဲခန်းဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ စစ်ဆေးပေးနိုင်တဲ့ ဓာတ်ခွဲခန်းအဖြစ် အထက်မြန်မာပြည်မှာ ဆက်ပြီးရှိသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာလည်း ဇွန် ပထမပတ်ကစပြီး ကိုဗစ်-၁၉ ကို စစ်ဆေးနိုင်တော့မှာဖြစ်သလို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နဲ့ လာရှိုးမြို့တို့မှာလည်း စစ်ဆေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

မော်လမြိုင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ တာဝန်ထမ်းဆောင်မယ့် ဓာတ်ခွဲပညာရှင်တွေဟာလည်း ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ လုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုသင်တန်းတွေ၊ တရုတ်နိုင်ငံ ယူနန်က ပညာရှင်တွေက မန္တလေးမှာ လာသင်ပေးတဲ့ စာတွေ့၊ လက်တွေ့သင်တန်းတွေကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ မော်လမြိုင်မှာရှိတဲ့ ဇီဝလုံခြုံမှုအဆင့် ၃ တီဘီ ဓာတ်ခွဲခန်းမှာ မော်လီကျူလာနည်းပညာနဲ့ စစ်ဆေးနိုင်ဖို့ ကျောက်မျက် ကုမ္ပဏီတခုက လှူဒါန်းထားတဲ့ စက်ပစ္စည်းကိရိယာတွေ၊ ဓာတ်ခွဲပစ္စည်းတွေ၊ ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက နည်းပညာပိုင်းဆိုင်ရာ၊ စက်ပစ္စည်းနဲ့ ဓာတ်ခွဲပစ္စည်းတွေ ပံ့ပိုးခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို အမျိုးသားကျန်းမာ‌ရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ရဲ့ ဌာနခွဲအဖြစ် ၁၉၆၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါစတဲ့ ဗိုင်းရပ်စ်ရောဂါတွေ စစ်ဆေးတာ၊ ဘက်တီးရီးယားပိုးမွေးမြူတာနဲ့ ဆေးယဉ်ပါးမှု ဓာတ်ခွဲစစ်ဆေးတာတွေကို အရင်ကတည်းက လုပ်နေခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013