DVB Logo
Home
မြန်မာသတင်း
၁ လကျော်ကြာ ရပ်နားထားရသည့် မုံရွာကုန်စည်ဒိုင်ကို ဇွန်လဆန်း ပြန်ဖွင့်ရန် စီစဉ်
DVB
·
May 30, 2020
၁ လကျော်ကြာ ရပ်နားထားရသည့် မုံရွာကုန်စည်ဒိုင်ကို ဇွန်လဆန်း ပြန်ဖွင့်ရန် စီစဉ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ၁ လကျော်ကြာ ရပ်နားထားတဲ့ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မုံရွာကုန်စည်ဒိုင်) ကို လာမယ့် ဇွန်လဆန်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပါတယ်။ 

လက်ရှိမှာ တိုင်းကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကတဆင့် သက်ဆိုင်ရာ ဌာနတွေရဲ့ စစ်ဆေးမှုကို ခံယူပြီး သူတို့ရဲ့ခွင့်ပြုချက်နဲ့ ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်နေတယ်လို့ မုံရွာကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဇော်မိုးက ပြောပါတယ်။

“မနေ့ကတော့ သက်ဆိုင်ရာရဲ့ စစ်ဆေးမိန့်ခံပြီးပြီ။ တို့ပြင်ဆင်ထားတာကို ကြည့်ပြီး A အဆင့်နဲ့ အအောင်ပေးသွားတာပေါ့။ ခွင့်ပြုလက်မှတ်ကိုတော့ ဘယ်နေ့ရမယ်ဆိုတာတော့ မသိရဘူး။ လောလောဆယ်တော့ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် တနင်္လာနေ့မှလည်း ရချင်ရမယ်။ ကိုယ်တို့ကတော့ ဇွန်လ ၂ ရက်နေ့ကို ဖွင့်နိုင်ဖို့ ပြင်ဆင်ထားတယ်ပေါ့။ ဒါကလည်း လက်မှတ်ရတဲ့အပေါ် မူတည်မှာပါ။” 

မုံရွာကုန်စည်ဒိုင်က ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားတာ ၁ လကျော်သွားပြီဖြစ်ပြီး ပိတ်ထားတဲ့ ကာလအတွင်းမှာ အွန်လိုင်းကတဆင့် ရောင်းဝယ်နေကြတာပါ။ ကုန်စည်ဒိုင်ပိတ်ထားရတဲ့အတွက် အရောင်းအဝယ်ပြုလုပ်ရာမှာ အခက်အခဲရှိတယ်လို့ တိုးတက်ဝေ သီးနှံပွဲရုံပိုင်ရှင် ဦးတင်ကိုကိုက ပြောပါတယ်။

“အွန်လိုင်းကနေကတော့ ဓာတ်ပုံပြပြီး ကြိုက်တယ်ဆို လူကိုယ်တိုင် အရောက်သွားပြရတာပေါ့။ ဒိုင်ဖွင့်ရင်တော့ ဒိုင်မှာ ဝယ်ချင်တဲ့သူကလည်း ကြည့်စရာအများကြီး၊ ရောင်းချင်တဲ့သူကလည်း ဝယ်လက်အများကြီးကို တခါတည်း တွေ့ရတာပေါ့။ အွန်လိုင်းကနေ ရောင်းတာနဲ့ ဒိုင်မှာရောင်းရတာတော့ အများကြီး ကွာခြားချက် ရှိပါတယ်။ ပစ္စည်း ၅ မျိုးဆို ၅ ဦး သွားပြရတာဆိုတော့ နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့။ ဝယ်တဲ့သူက လာမကြည့်ဘူး။ ရောင်းတဲ့သူက သွားပြရတာ။ အိတ်များရင်တော့ လာကြည့်တာတော့ ရှိတယ်။ အများသောအားဖြင့်တော့ သွားပြရတာပေါ့။”

လက်ရှိမှာတော့ သီးနှံစျေးကွက်အနေနဲ့ ပဲတီစိမ်း၊ မြေပဲ၊ ကုလားပဲ၊ နှမ်း၊ မတ်ပဲ၊ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်နေပေမယ့် မနှစ်ကလောက်တော့ သီးနှံစျေးမရှိသေးဘူးလို့ ဆိုပါတယ်။ 

မုံရွာကုန်စည်ဒိုင်ကိုတော့ ဖွင့်မယ်ဆိုရင် လူခွဲပြီး လူဦးရေကန့်သတ်တာမျိုး မလုပ်ဘူးလို့ သိရပါတယ်။ 

ကုန်စည်ဒိုင်ကိုလာရင် Mask တပ်ရမယ်၊ လက်ဆေးရမယ်။ ဒိုင်အတွင်း ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရတွေကို ကန့်သတ်ထားသလို ခုံတွေကိုလည်း ၅ ပေလောက်စီခြားကာ လူ ၁၂၀ စာပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

မုံရွာကုန်စည်ဒိုင်က အသင်းသား ၅၄၀ ပဲရှိပြီး ကိုယ်စားလှယ်နဲ့ပေါင်းမှ ၇၀၀ လောက်ပဲရှိကာ လက်ရှိ ပုံမှန်အရောင်းအဝယ်ဖြစ်နေတာက လူ ၁၅၀၊ ၂၀၀ လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ ပခုက္ကူ၊ မန္တလေး စတဲ့ ကုန်စည်ဒိုင်တွေကလည်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ မန္တလေး၊ ရန်ကုန် စတဲ့ ကုန်စည်ဒိုင်တွေကတော့ လူဦးရေများတဲ့အတွက် လူခွဲပြီး ကန့်သတ်တာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013