DVB Logo
Home
မြန်မာသတင်း
သုံးလကျော်ကြာပိတ်ထားခဲ့သည့် မုံရွာကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်
DVB
·
December 30, 2020
သုံးလကျော်ကြာပိတ်ထားခဲ့သည့် မုံရွာကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်ကို ဒီဇင်ဘာ ၃၀ ရက်နေ့က ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ 

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ကုန်စည်ဒိုင်ပိတ်ထားခဲ့ရပြီး အွန်လိုင်းစနစ်နဲ့ ရောင်းချနေရာမှာ အဆင်မပြေဖြစ်လာသလို အရောင်းအဝယ်ကလည်း ထက်ဝက်လောက် ကျဆင်းသွားလို့ အစည်းဝေးဆုံးဖြတ်ချက်နဲ့ ပြန်လည်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

မုံရွာကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဇော်မိုးက  “တောင်သူတွေဈေးနှုန်းမှန်ကန်စွာရရှိရေးကို ဦးစားပေးစဉ်းစားပြီးတော့ ဖွင့်ဖို့ရာ ဆုံးဖြတ်ခဲ့ ကြတာပါ။ ဘာ့ကြောင့်လဲဆိုတော့ သီးနှံကလည်း ကျနော်တို့ တစ်လပိုင်း၊ နှစ်လပိုင်းက ပွင့်လင်းရာသီဖြစ်လာတဲ့အတွက် သီးနှံတွေအားလုံးကလည်း ထွက်လာမှာဖြစ်ပါတယ်။ အွန်လိုင်းနဲ့ အရောင်းအဝယ်လုပ်ရာမှာ အထိုက်အလျောက် လွဲချော်မှုလေးတွေ ရှိနိုင်တာပေါ့။ အိတ်နည်းနည်း ရောင်းရသူတွေမှာ ဝယ်သူအနေနဲ့ အခက်အခဲမရှိပေမယ့် ရောင်းသူကကျတော့ အိမ်တိုင်ရာရောက် သွားပြရတဲ့အခါမှာ တစ်မြို့လုံး ပတ်ပြနေရတော့ အဆင်မပြေမှုလေးတွေ ရှိတယ်ဆိုတာ အသင်းသားတွေရဲ့ တင်ပြချက်အရ သိလာရတဲ့အတွက် ပြန်ဖွင့်ဖို့ရာ စီစဉ်တာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

မုံရွာကုန်စည်ဒိုင်ကို ကိုဗစ်ကာလအတွင်း ပိတ်ထားရတာ ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။ ပထမ အကြိမ်ပိတ်ထားခဲ့စဉ်က ၅ လဝန်းကျင်ကြာမြင့်ခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ ၃ လဝန်းကျင်ကြာခဲ့တာပါ။

လက်ရှိပြန်ဖွင့်ရာမှာတော့ ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်တာဖြစ်ပြီး ကုန်စည်ဒိုင်ကို လာရောက်ကြတဲ့ အသင်းသားတိုင်း Mask ကို မဖြစ်မနေ တပ်ဆင်ကြရမှာဖြစ်ကာ မတပ်ရင် ကုန်စည်ဒိုင်ဝင်ရောက်ခွင့်တွေကိုလည်း ကန့်သတ်သွားမယ်လို့ သိရပါတယ်။

ပထမအကြိမ် Mask မတပ်တာကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကနေ စစ်ဆေးတွေ့ရှိရင် ဒိုင်ဝင်ရောက်ခွင့် ၃ ရက်၊ ဒုတိယအကြိမ်မှာ ၅ ရက်၊ တတိယအကြိမ်မှာ ၁၅ ရက်နဲ့ စတုတ္ထအကြိမ်ကိုတော့ အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

လတ်တလောမှာ မုံရွာမြို့ရဲ့ သီးနှံဈေးကွက်အတွင်း တရုတ်ကို အဓိကတင်ပို့နေတဲ့ ပဲတီစိမ်းက အရောင်းအဝယ်အကောင်းဆုံးဖြစ်နေပြီး ပဲစင်းငုံကတော့ အိန္ဒိယက အဝယ်ပိတ်တဲ့အတွက် ဈေးကျနေတယ်လို့ သိရပါတယ်။

ကုန်စည်ဒိုင်ပြန်ဖွင့်တဲ့အတွက် အရောင်းအဝယ်တွေ ပြန်ပြီးတိုးတက်ကောင်းမွန်လာမှာ ဖြစ်သလို ဈေးကွက်အရလည်း နစ်နာဆုံးရှုံးမှုတွေ လျော့နည်းလာမယ်လို့ မျှော်လင့်ထားကြပါတယ်။

လတ်တလောမှာ မုံရွာမြို့ရဲ့ ကိုဗစ်-၁၉ ရောဂါ စက်မှုက မြင့်မားနေပြီး နေ့စဉ်ရက်ဆက် ပိုးတွေ့လူနာ၊ အနံ့ပျောက်လူနာတွေ တွေ့ရှိနေသလို လူပေါင်း ၁၀၀ ကျော်ထိ ကူးစက်ခံထားရကာ ၂ ယောက်သေဆုံးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013