DVB Logo
Home
မြန်မာသတင်း
“ထမင်းမချက်ရတာ ၂ ရက်ရှိပါပြီ သားတို့ရယ်”-ကပ်ဘေးကာလ ရင်ကိုထိမှန်စေသည့် အမယ်အို စကားသံ
DVB
·
May 27, 2020
“ထမင်းမချက်ရတာ ၂ ရက်ရှိပါပြီ သားတို့ရယ်”-ကပ်ဘေးကာလ ရင်ကိုထိမှန်စေသည့် အမယ်အို စကားသံ
Donate to DVB

       “ထမင်းမချက်ရတာ ၂ ရက်ရှိပါပြီ သားတို့ရယ်။ အခုတောင် ဘေးအိမ်က ကလေး မလေးက Clean Yangon ကို အကူအညီတောင်းကြည့်ပါလားဆိုလို့ သူ့ဖုန်းနဲ့ လှမ်းခေါ်တာပါတဲ့”

       ဒါကတော့ COVID-19 ကပ်ဘေးဒဏ်ခံနေရတဲ့ အမယ်အိုတဦးရဲ့ သောကအပူကို Clean Yangon ပရဟိတအဖွဲ့က တတ်စွမ်းသမျှ ကူညီပေးခဲ့ရတဲ့ အခြေအနေတခု ဖြစ်ပါတယ်။

       ကမ္ဘာ့နိုင်ငံတွေနည်းတူ ဒီရောဂါကပ်ဘေးဆိုးကြီးကနေ လွတ်မြောက်နိုင်ဖို့ ကြံ့ကြံခံ ရင်ဆိုင်နေကြရတဲ့ မြန်မာနိုင်ငံမှာ ခိုကိုးရာမဲ့တွေအတွက် မျှော်လင့်ချက်ဟာ ခပ်မှိန်မှိန် အခြေအနေပါပဲ။

       တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ ဒီရောဂါဆိုးကြောင့် အသက်ပေးလိုက်ရသူ တွေဟာ ဒီကနေ့အချိန်ထိ တကမ္ဘာလုံးမှာ လူပေါင်း ၃ သိန်းခွဲကျော်ရှိသွားခဲ့ပြီဖြစ်ကာ ၅ သန်းခွဲကျော် ရောဂါကူးစက်ခံထားရပါတယ်။

       မြန်မာနိုင်ငံမှာတော့ COVID-19 ကူးစက်ခံရတဲ့ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ် လ ၂၃ ရက်နေ့က တွေ့ရှိခဲ့ပြီးနောက် လတ်တလောအချိန်ထိ ရောဂါကူးစက်ခံရသူ ၂၀၆ ယောက်၊ သေဆုံးသူ ၆ ယောက် ရှိနေခဲ့တာပါ။

       ကုသနိုင်တဲ့ ဆေးဝါးမရှိသေးတဲ့ ရောဂါကူးစက်ပျံ့ပွားမှုအတွက် လက်ဆေးတာ၊ တကိုယ်ရေသန့်ရှင်းကျန်းမာရေးဂရုစိုက်တာ၊ လူစူလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနား တွေ ရှောင်ကြဉ်တာ၊ တကယ်လို့ မဖြစ်မနေ သွားကြရတဲ့အခါမှာလည်း နှာခေါင်းစည်း Mask တပ်ဆင်ပြီး သတိရှိရှိနေထိုင်ကြဖို့ ကျန်းမာရေး သတိပေးချက်တွေကို ထုတ်ပြန် ထားရတာ ဖြစ်ပါတယ်။

       စက်ရုံအလုပ်ရုံတွေ ရပ်ဆိုင်းကုန်လို့ အလုပ်လက်မဲ့ ဖြစ်ကြရတာတွေ၊ ခရီးသွား လုပ်ငန်းတွေ မရေရာတော့တဲ့ အနေအထားတွေနဲ့အတူ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လက်လုပ်လက်စားတွေရဲ့ အရေးကလည်း ရင်လေးစရာ ဖြစ်လာနေဆဲပါ။

       သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့တွေရဲ့ တတ်စွမ်းသမျှ အားနဲ့ ကပ်ဘေးကာလ ကူညီမှုတွေကရော ဘယ်အတိုင်းအတာထိ ဆွဲဆန့်ထားနိုင်မလဲ ဆိုတာကလည်း တွေးချိန်ချင့်စရာ ဖြစ်လာနေခဲ့ပါပြီ။

       Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေး အတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး လတ်တလော ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လည်း တစိုက်မတ်မတ် လှုပ်ရှားနေတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

       သူတို့အဖွဲ့က ဒီကနေ့ မျှဝေထားခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်မှာတော့ လှိုင်သာယာမြို့နယ် က ခိုကိုးရာမဲ့ အမယ်အိုအကြောင်း တစေ့တစောင်း ခုလိုရေးသားပြီး ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

“ဒီနေ့ ဖုန်းဆက်ပြီး အကူအညီတောင်းလာတဲ့ Call များပေါင်းများစွာထဲက အမေ အိုရဲ့စကားသံတွေက ရင်ထဲကိုတော်တော် ထိမှန်စေခဲ့တယ်။ ထမင်းမချက်ရတာ ၂ ရက်ရှိ ပြီဆိုလို့ စိတ်ထဲအတော်မကောင်းခဲ့ဘူး။ ဖုန်းဝင်တာနဲ့ ချက်ချင်းပဲ အဖွဲ့က အမတ ယောက်ကား အကူအညီနဲ့ စားနပ်ရိက္ခာထုပ်တင်ပြီး လှိုင်သာယာဘက် ထွက်ခဲ့ကြတယ်”

ယိုင်နဲ့နဲ့အိမ်ကလေးမှာ တယောက်တည်းနေထိုင်တဲ့ အမယ်အိုဟာ ကျန်းမာရေး မကောင်း ဖြစ်နေတာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး ရက်ချိန်းပြည့်လို့ ဆေးခန်းပြဖို့အတွက် ပိုက်ဆံချေးငှား ခဲ့တာတောင် ဘယ်သူ့ဆီကမှ မရခဲ့ဘူးလို့ ဆိုပါတယ်။

အရင်ကတော့ ဘုရားကျောင်းတက်ရင် ထောက်ပံ့ကြေးတချို့ရလို့ အဆင်ပြေခဲ့ပေမယ့် ခုလက်ရှိမှာတော့ စေတီပုထိုးဘုရားတွေအပါအဝင် ဘုရားကျောင်းတွေကိုလည်း ရောဂါကူးစက် ပျံ့နှံ့မှုအန္တရာယ်ကြောင့် ပိတ်ထားခဲ့ရတာမို့ ဒုက္ခရောက်နေခဲ့ရတယ်လို့ ဆိုပါတယ်။

       အမယ်အိုကို Clean Yangon အဖွဲ့က လိုရင်ခေါ်ပါစားနပ်ရိက္ခာထုပ်အပြင် ငွေကျပ် ၃ သောင်းကို ဆေးကုသစားရိတ်အနေနဲ့ ကူခဲ့ကြောင်း ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

       ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းထုတ်ဝေတဲ့ မြန်မာနေထိုင်မှု အခြေအနေ စစ်တမ်း ၂၀၁၇ မှာတော့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ နေရာဒေသ ကွဲပြားမှုအပေါ် သက်ရောက်မှုကြီးမားကြောင်း ဖော်ပြထားခဲ့ပြီး ပြည်နယ်/တိုင်း ဒေသကြီးအလိုက် ဆင်းရဲနွမ်းပါးသူအရေအတွက် ကွာဟချက်ကြီးမားတယ်လို့ ဆိုပါတယ်။

       ရာခိုင်နှုန်းအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်းရဲနွမ်းပါးသူအရေအတွက် ၂၄ ဒဿမ ၈ ရာခိုင်နှုန်း၊ မြို့ပြမှာ ၁၁ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ ကျေးလက်မှာ ၃၀ ဒဿမ ၂ ရာ ခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။

       လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာတော့ ဆင်းရဲနွမ်းပါးမှုနှုန်း ၄၈ ဒဿမ ၂ ရာခိုင်နှုန်းထိ ရှိခဲ့ တာမို့ လက်ရှိမှာ တဖြည်းဖြည်းလျော့ကျလာနေခဲ့တယ်ဆိုနိုင်ပေမယ့် မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရချိန်မှာတော့ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ပြန်လည် ရောက်ရှိသွားနိုင်တဲ့ ထိလွယ်ခိုက်လွယ်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ စစ်တမ်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013