DVB Logo
Home
မေးမြန်းခန်း
ရန်ကုန်မြို့ပြမှ ကရင်နီတောတောင်ထဲအထိ -  Clean Yangon မသဉ္ဇာအေးနှင့် မေးမြန်းချက်
DVB
·
June 4, 2026
ရန်ကုန်မြို့ပြမှ ကရင်နီတောတောင်ထဲအထိ -  Clean Yangon မသဉ္ဇာအေးနှင့် မေးမြန်းချက်
Donate to DVB

တချိန်က ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပဖို့နဲ့ ပြည်သူတွေ အမှိုက်စနစ်တကျ စည်းကမ်းရှိရှိ စွန့်ပစ်တတ်အောင် ကြိုးပမ်းရာမှာ လူငယ်တွေ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်နိုင်ခဲ့သလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိသားစုဘဝနဲ့ ကိုယ်ပိုင်အိပ်မက်တွေကို ကျောခိုင်းပြီး ကရင်နီ စစ်ဘေးရှောင်တွေအတွက် အကူအညီပေးနိုင်ဖို့ ရုန်းကန်လှုပ်ရှားနေတဲ့ Clean Yangon အဖွဲ့ ပဲ့ကိုင်ရှင် မသဉ္ဇာအေးကို DVB သတင်းထောက် ဒီဂျူလိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။

 

မေး။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကရင်နီပြည်နယ်ကို ရောက်လာရတဲ့ အကြောင်းအရင်းရယ် ဘယ်လိုမျိုး ရောက်သွားတာလဲ ဒီကြားထဲမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ အရင်ဆုံးပြောပြပေးပါ။

 

ဖြေ။ “အာဏာသိမ်းသွားတဲ့အချိန်ကျတော့ အစ်မတို့က ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြတယ်။ ငါတို့ ဘာဆက်လုပ်မလဲပေါ့။ အစ်မဆိုရင်လည်း သူနာပြုဆရာမ တယောက်ဖြစ်တယ်။   ကိုယ်တတ်စွမ်းတာ ဆေးပညာဖြစ်တာကြောင့် ဆေးပညာနဲ့ ငါအကျိုးပြုမယ်ပေါ့။ ကြားထဲမှာတော့ ချင်းပြည်နယ်ပေါ့နော်၊ ချင်းပြည်နယ်ကို သွားလိုက်ပြီးတော့ Medical cover စယူပေးတယ်။ ကယားပြည်နယ်မှာ medical cover ထပ်လိုတယ်၊ ဆရာမရေ ကူညီပေးပါဦးဆိုတာနဲ့ အခုလက်ရှိ ကရင်နီပေါ့၊ ကယားပြည်နယ်ကို အစ်မတို့ရောက်တယ်။ ရောက်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆက်ပေးတယ်။ အစ်မတို့ နိုင်တဲ့ဘက်ကနေ ဆက်ကူညီမှုတွေ လုပ်ဖြစ်သွားတယ်ပေါ့။”

 

မေး။ Clean Yangon ကတော့ ပရဟိတ လူငယ်လေးတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ပေါ့။ အစ်မရဲ့ ဇာတ်ကြောင်းလေးလည်း ပြောပြပါဦး။ ဘယ်လိုဖြစ်လို့ ဒီထဲကို ရောက်သွားတာလဲ။ 

 

ဖြေ။ “အစ်မဆိုရင် အရင်တုန်းက အစိုးရဝန်ထမ်းတော့ မဟုတ်ဘူး၊ NGO ဝန်ထမ်းပေါ့။ NGO ဝန်ထမ်း ဖြစ်တယ်။ အာဏာသိမ်းသွားတဲ့ကိစ္စတွေမှာကျတော့ ဘယ်လောက်ထိ ကြာမလဲ၊ ဘယ်လောက်ဖြစ်သွားမလဲဆိုတာ အစ်မတို့ကိုယ်တိုင်လည်း မမျှော်လင့်ထားဘူးပေါ့နော်။ ကျောပိုးအိတ်လေး တလုံးနဲ့ အဝတ်အစားလေး ၃ စုံနဲ့ ရောက်သွားတယ်။ အစကတော့ အစ်မ တလလောက် ကူညီပြီးရင် ပြန်မယ်ပေါ့နော်။ ဒါပေမဲ့ အဲဒီမှာတွေ့တဲ့အခါကျတော့ အခြေအနေက အဲဒီလိုမဟုတ်နေဘူးပေါ့။ အစ်မ အဲဒီအချိန်ကတည်းကနေစပြီးတော့ ကရင်နီပြည်နယ်မှာပဲ တောက်လျှောက်ပေါ့၊ အစ်မ တတ်စွမ်းတဲ့ ပညာနဲ့ ဆက်ပြီးတော့ ကူညီမှုတွေ လုပ်ဖြစ်နေတာပေါ့။”

 

မေး။ ကိုယ့်ရဲ့ နေထိုင်မှုဘဝပုံစံက တအားကြီး ပြောင်းလဲသွားတာပေါ့။ ရန်ကုန်မြို့ကနေပြီးတော့ ကိုယ် ဝါသနာပါတာတွေ လုပ်နေရင်းကနေ ကိုယ့်ရဲ့ Life style ပြောင်းသွားတဲ့အချိန်မှာ ဘယ်လိုမျိုး ခံစားရလဲ။ ဘယ်လိုစိန်ခေါ်မှုတွေ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရလဲ ပြောပြပေးပါဦး။

 

ဖြေ။ “အာဏာသိမ်းမှုအောက်ထဲမှာ ဒီကူညီမှုတွေ သွားလုပ်တယ်။ ကိုယ်တတ်စွမ်းတဲ့ အရာတွေနဲ့သွားတဲ့အခါမှာ ဘာစပြီးကြုံရလဲဆိုတော့ ပုံမှန်လမ်းထက်ဆိုးတဲ့ လမ်းတွေ အစ်မတို့ စတွေ့ရတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် ကိုယ်တွေက ပုဒ်မတွေ အတပ်ခံထားရတဲ့အခါကျတော့ ပေါ်တင်ကြီး လမ်းပေါ်ကနေ သွားလို့မရတာ တွေရှိတယ်။ ခက်ခဲမှုတွေ စတွေ့တယ်။ ပြီးတော့ အစ်မတို့ သွားတဲ့အချိန်မှာ ဖြတ်လေးဖြတ် ဖြတ်ထားတာပေါ့။ အဲ့လိုဖြတ်ထားတာဆိုတော့ ဖုန်းလိုင်းတွေကတည်း ခေါ်လို့မရဘူး။ ဆက်သွယ်ရေးတွေ အခက်အခဲတွေ အများကြီးရှိတယ်။ နောက်အခက်အခဲက ဘာလဲဆိုတော့ ဘာသာစကားပေါ့။ ဘာသာစကားမှာ အစ်မတို့က သူတို့ရဲ့ ဘာသာစကားကို နားမလည်ဘူး။ ဘာသာပြန်တွေနဲ့ခေါ်ပြီးပြောရတယ်။ ဖြတ်သန်းခဲ့တဲ့ တောက်လျှောက်မှာဆိုရင် စစချင်း ရောက်ခါစကဆိုရင် အစ်မတို့ ဒီ ပလိုင်းလေးတွေမှာ ကလေးလေးတွေကို ထည့်လွယ်ပြီး စစ်ရှောင်ကြတယ်။ အဲဒီလို စစ်ရှောင်ကြတဲ့အခါမှာ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတယ်။ ပြေးလာကြတော့ လူမမယ်ကလေးလေးတွေ ပလိုင်းလေးထဲမှာ ထည်ပြီးတော့ အမေက နဖူးလေးမှာ ပလိုင်းလေးကို ရွက်ပြီးတော့ ထမ်းလာတယ်ပေါ့နော်။ အဲဒီမြင်ကွင်းတွေဆိုရင် အစ်မတို့ မနေ့တနေ့ကလိုပဲ မြင်နေရတုန်းပဲပေါ့နော်။”

 

မေး။ အာဏာမသိမ်းခင်က ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တော့ ရှိခဲ့မှာပဲ အာဏာသိမ်းပြီးတော့ အဲဒီ စိတ်ကူးအိပ်မက်က ပြောင်းလဲရင် ပြောင်းလဲသွားမှာပဲ။ အဲဒါကရော ဘာဖြစ်မလဲ တကယ်လို့ တော်လှန်ရေးအောင်သွားရင် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒပေါ့၊ အဲဒါက ဘာဖြစ်မလဲ ပြောပြပေးပါဦး။

 

ဖြေ။ “အစ်မတို့က အမှန်အတိုင်းပြောရရင် အစ်မနဲ့ အစ်ကိုနဲ့ပေါ့နော်။ အစ်မနဲ့အစ်ကိုနဲ့ဆိုရင် family plan လေးရှိတယ်။ ဘယ်အသက်အရွယ်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ ဘာလုပ်မလဲဆိုတဲ့ ဟာလေးပေါ့။ အဲဒီတော့ family life လေးကို စမယ်ဆိုပြီး တွေးထားကြတာပေါ့နော်၊ အဲဒီအချိန်မှာ အဲဒီတုန်းကတော့ အာဏာမသိမ်းသေးဘူး ကိုဗစ်ဖြစ်တယ်။ ကိုဗစ်ဖြစ်တော့ အစ်မကလည်း medical person ဆိုတော့ မြေပြင်မှာ အစ်မ လုပ်ပေးရမဲ့ အရာတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ဟာ ပိုအရေးကြီးတယ်ပေါ့။ အဲဒီလိုနဲ့ ကိုယ့်ရဲ့ဆန္ဒတွေ အနောက်မှာပဲ ထားလိုက်တယ်ပေါ့နော်။ အဲဒီတော့ ၂၁ ကျတော့ အာဏာကြီးက ကောက်သိမ်းသွားရော အာဏာသိမ်းတဲ့အချိန်မှာ အစ်ကိုဆိုရင် အစောပိုင်းကတည်းက ဝရမ်းပါတာပေါ့။ ဝရမ်းပါတော့ အစ်မတို့ အိမ်ခွဲနေကြတာပေါ့။ ဘာလို့လဲဆိုတော့ တခုခုဖြစ်လို့ မိသွားတယ်ဆိုရင် ၂ ယောက်လုံး မပါအောင်ပေါ့။ အာဏာရှင်စနစ် အမြစ်ပြတ်သွားရင် အစ်မတို့ ဘာဖြစ်ချင်လဲဆိုရင် ကိုယ့်ဘာသာကိုယ် family life လေးနဲ့ အေးအေးချမ်းချမ်းနဲ့ မိသားစုဘဝလေး ပြန်တည်ဆောက်ချင်တယ်။ ဒါပေမဲ့ တချို့အရာတွေကတော့ အစ်မတို့ တည်ဆောက်လို့ မရတော့ဘူးပေါ့။ ပျက်စီးသွားတဲ့ အရာတွေ ရှိတယ်ဆိုတော့ ပြီးသွားရင်တော့ အစ်မတို့ အိမ်ပြန်မယ်။ အိမ်ပြန်ပြီးတော့ အေးအေးချမ်းချမ်းလေး နေမယ်ပေါ့။ အဲဒီလိုမျိုးလေးတော့ စိတ်ကူးထားတယ်ပေါ့။ အမြန်ဆုံးလည်း ပြန်ချင်နေပြီပေါ့နော်။”

 

မေး။ မြေပြင်မှာလည်း အများကြီး ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့အခါကျတော့ မြေပြင်မှာရော ဘယ်လို ခက်ခဲမှုတွေရှိလဲ မြေပြင်မှာ တွေ့ကြုံခဲ့ရတာတွေကို မျှဝေပေးပါဦး။ 

 

ဖြေ။ မြေပြင်မှာရှိတဲ့ စစ်ရှောင်တွေထဲမှာ မိခင်တွေဆို ပိုဆိုးတာပေါ့။ မိခင်တွေဆို သူတို့ ကလေးတွေအတွက် နိစ္စဓူဝ အာဟာရမျှဖို့ နေမကောင်းဖြစ်တဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဒါတွေက သူတို့မှာ အမြဲတမ်း အပူသောကတွေပေါ့နော်။ အဘွားတယောက်ပြောတာဆို အစ်မတို့ ဒီနေ့အထိ မှတ်မိနေသေးတယ်။ ဆရာမ အဘွားတို့ ပြေးလာရတာ နှစ် ၆၀ ကျော်ပြီဆိုတဲ့ဟာ၊ အဲဒါတွေက တကယ်တမ်းဆိုရင် အစ်မတို့တွေက မသိခဲ့ကြဘူးလေနော်။ တိုင်းရင်းသားတွေကို အဲဒီလောက်ထိ ခက်ခဲခဲ့မှန်း အစ်မတို့တွေ မသိခဲ့ကြဘူးပေါ့နော်။ အစ်မတို့ ကူညီပေးခဲ့တယ်ဆိုတာက တကယ့်ကို သေးသေးလေးပဲ ရှိသေးတယ်။ ကိုယ်တိုင်ရောက်သွားတဲ့အခါကျတော့မှ ဒီလိုမျိုးတွေ ခက်ခဲတယ်။ နှစ် ၆၀ ကျော် ပြေးခဲ့ရတယ်။ အခုထိလည်း ပြေးနေရတုန်းပဲ။ ဘယ်တော့ အိမ်ပြန်နိုင်မလဲ ဆိုတဲ့ဟာတွေက တော်တော်လေး အစ်မတို့ ခံစားရပါတယ်။ မြေပြင်မှာ နေရာစုံကနေပြီးတော့ လုပ်ပေးနေတဲ့သူတွေ ကြိုးစားပေးနေတဲ့သူတွေ အများကြီးပဲ ငါတို့နဲ့ အတူတူရှိသေးတယ်။ ဒါ ဘယ်တော့မှ ငါတို့ ရပ်တန့်လို့ မရတဲ့ အရာပေါ့နော်။ အဲဒီတွက်ကြောင့်မို့ ခွန်အားတွေက အစ်မတို့လည်း သူများကို motivation ပေးတယ် ဆိုတာထက် အစ်မတို့ ကိုယ်တိုင်က ပြန်ပြီးတော့ အပြန်အလှန်ပေါ့နော်။ motivation ပြန်ရတဲ့ အရာတွေ အများကြီးရှိတယ်။ အဲဒီတော့ မြေပြင်ကနေပဲ အစ်မ ခွန်အားတွေ ပြန်ယူရပါတယ်။”

 

မေး။ နောက်ဆုံးအနေနဲ့ တော်လှန်ရေးမှာ လက်ရှိအချိန်အထိ အဘက်ဘက်ကနေ ကိုယ် တတ်နိုင်တဲ့အားနဲ့ ပါဝင်နေတဲ့ အမျိုးသမီးတွေအတွက်ရော ခွန်အားဖြည့် စကားလေး ပြောပေးပါဦး။

 

ဖြေ။ “ခွန်အားပေးတယ် ဆိုတာထက် အစ်မတို့ ဘယ်ချိန်ထိထိ၊ ဘယ်ချိန်ပဲဖြစ်ဖြစ် နောက်ဆုံးချိန်ထိ အတူတူရှိမယ် ဆိုတာလေးကို ပြောပြချင်ပါတယ်။ နားစရာရှိရင် နားပါ၊ ဒါပေမဲ့ အတူတူ ပြန်ထပြီးတော့ နေ့သစ်ကို အစ်မတို့ အတူတူကြိုဆိုချင်ပါတယ်။ အမျိုးသမီးတွေ အားလုံး ဆိုတာထက် တော်လှန်ရေးနယ်ပယ်မှာရှိနေတဲ့ လေးစားချစ်ခင်ရတဲ့သူတွေ၊ သံတိုင်တွေ နောက်မှာရှိတဲ့ အမျိုးသမီးတွေအားလုံးကိုလည်း အစ်မတို့ နေ့သစ်တခုကို အတူတူကြိုဆိုချင်ပါတယ်။ အစ်မကိုယ်တိုင်လည်း  မြေပြင်မှာ နောက်ဆုံးချိန်အထိပေါ့နော် အတူတူရှိနေပါမယ် ဆိုတာလေးကို ဖြည့်စွက်ပြောချင်တယ်။” 

ရန်ကုန်မြို့ပြကနေ ကရင်နီတောတောင်ထဲအထိ ရောက်လာကာ မိသားစုဘဝကို စွန့်လွှတ်ပြီး လူထု အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့  အမျိုးသမီးတယောက်နဲ့ ကမ္ဘာ့တဖက်ခြမ်းက မိခင်တွေရဲ့ အသံကို  DVB Women's Voice အစီအစဉ်မှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013