DVB Logo
Home
မြန်မာသတင်း
Clean Yangon က ဦးဆောင်ပြီး စစ်ရှောင်စခန်း ၁၅ ခုတွင် ရန်ပုံငွေဆိုင် ဖွင့်လှစ်ပေးထား
DVB
·
December 1, 2024
Clean Yangon က ဦးဆောင်ပြီး စစ်ရှောင်စခန်း ၁၅ ခုတွင် ရန်ပုံငွေဆိုင် ဖွင့်လှစ်ပေးထား
Donate to DVB

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း ၁၅ ခုမှာ လိုတရ လို့ ခေါ်တဲ့ ရန်ပုံငွေဆိုင်တွေကို Clean Yangon က ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား  အောက်တိုဘာလ ပထမအပတ်ကစပြီး  စစ်ရှောင်စခန်းတခုမှာ တဆိုင်နှုန်းနဲ့ ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

Clean Yangon က တာဝန်ခံတယောက်ဖြစ်တဲ့ ကိုဇေယျာထွန်းက “အဓိက က ကျနော်တို့ ကူချင်တာကို ကူပေးတာ မဟုတ်ဘူးဗျ။ သူတို့ လိုအပ်တာကို ကူညီပေးတာ။ ကော်မတီတွေနဲ့ အစည်းအ‌ဝေး ထိုင်ကြတယ်။ သူတို့စခန်းတွင်းက စစ်ရှောင်လူထုက အဓိကလုပ်ချင်တဲ့ဟာကို ဆုံးဖြတ်ချက်ချပြီးတော့ လုပ်တာမျိုးပေါ့နော်။ တချို့ဆိုင်က ဆန်ရောင်းချင်တယ်၊ တချို့က ကုန်စုံဆိုင် ဖွင့်ချင်တယ်၊ တချို့က Star link စတဲ့ မတူညီတဲ့ စိတ်အားထက်သန်မှုတွေကို တွေ့ရတယ်ခင်ဗျ” လို့ ပြောပါတယ်။

လိုတရ ရန်ပုံငွေဆိုင်ရဲ့ အဓိက ရည်ရွယ်ချက်က အလှူရှင်ကိုပဲ အမြဲမမျှော်နေဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ ပါဝင်ရင်း စခန်းတွင်း ရန်ပုံငွေရရှိစေဖို့ဖြစ်ပြီး စစ်ရှောင်စခန်း ၁၅ ခု က အိမ်ထောင်စု ၁,၀၀၀ ကျော်နဲ့ လူဦးရေ ၄,၅၀၀ ကျော်က ပါဝင်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

စစ်ရှောင်အမျိူးသမီးတယောက်က  “ကမ့်အတွင်းမှာရှိတဲ့သူလည်း အရင်က အပြင်မှာ ဆန်ဝယ်စားရတာ အယောက်တိုင်းလိုပေါ့။ ဒါကြောင့် အနီးအနားက သူတွေအတွက်ရော ကမ့်အတွက်ရော သယ်ရပြုရလွယ်ကူအောင် ဆန်ပဲ ရောင်းမယ်ပေါ့။ ဆီဖိုးလည်း သက်သာတာပေါ့။ ကိုယ့်ရန်ပုံငွေအတွက်လည်းဝင်အောင်ဆိုပြီးမှ လာအားပေးခိုင်းတာပေါ့။ ပိုက်ဆံများလာရင် ကမ့်က ဘဏ္ဍာထိန်းနားကို အပ်တာပေါ့နော” လို့ ပြောပါတယ်။

စစ်ရှောင်စခန်း ၁၅ ခုက ပြည်သူတွေနဲ့ တိုင်ပင်ပြီး စခန်းတခုကို မတည်ငွေ သိန်း ၁၀၀ ကနေ သိန်း ၁၃၀ ကြား ထုတ်ပေးပြီး သာရေးနာရေးကိစ္စအဝဝနဲ့ အလှူရှင်လာရောက်လှူဒါန်းတာနည်းပါးတဲ့အခါ အရေးပေါ်ရန်ပုံငွေ အသုံးပြုလို့ရအောင် အခုလိုကူညီစီစဉ်ပေးခဲ့တာလို့ သိရပါတယ်။

စစ်ရှောင်အမျိုးသမီးတယောက်က “ဆိုင်က စစ်ရှောင်တွေအတွက် အထောက်အကူ တော်တော်ဖြစ်တယ်။ စစ်ရှောင်တွေ ဝေးဝေးသွားဝယ်စရာမလိုတော့ဘူးပေါ့နော်။ ဒီမှာ လာဝယ်စားသူတွေလည်းများပါတယ်။ တရက်တရက် မဝယ်ရဘူးဆိုတာ မရှိပါဘူး။ အမြဲတမ်း လိုအပ်တာတွေ ရှိနေ ဝယ်နေရတာဆိုတော့ ရောင်းရပါတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲတချို့ကို ကူညီဖြေရှင်းပေးတဲ့အနေနဲ့ ဒီအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး တော်လှန်ရေးမပြီးမချင်း ဆက်လက်ကူညီထောက်ပံ့ပြီး နောက်ထပ် စစ်ရှောင်စခန်းတွေမှာလည်း ကူသွားဖို့ အစီအစဉ်ရှိတယ်လို့ ကိုဇေယျာထွန်းက ပြောပါတယ်။

ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေက စစ်ရှောင်ကာလ ၃ နှစ်ကျော်ကြာနေပြီး ကြာလာတာနဲ့အမျှ အလှူရှင် ကူညီထောက်ပံ့တာနည်းပါးလာပြီး ကိုယ်ထူကိုယ်ထ ရုန်းကန်ဖို့ လိုအပ်ချိန်မှာ အခုလို ရန်ပုံငွေဆိုင်ဖွင့်ပေးတာက ထိရောက်တယ်လို့လည်း စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013