
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်အမျိုးသမီးတွေ ကိုယ်ပိုင်ဝင်ငွေရှာနိုင်ဖို့ လက်မှုပညာသင်တန်းတွေဖွင့်လှစ်ပေးနေတယ်လို့ ကောလင်းနယ်က စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ ပြည်သူမှ ပြည်သူသို့အဖွဲ့ဆီကနေ သိရပါတယ်။
စစ်ရှောင်အမျိုးသမီးတွေအတွက် အပ်ချုပ်ပန်းထိုးသင်တန်းကို နိုဝင်ဘာ ၆ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်အထိ ကောလင်းအနောက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူမှပြည်သူသို့အဖွဲ့ တာဝန်ရှိသူတယောက်က “ကောလင်းမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေ အများဆုံးနေထိုင်တဲ့ စစ်ရှောင်စခန်းတနေရာမှာ ကျနော်တို့ အပ်ချုပ်ပန်းပညာ သက်မွေးပညာသင်တန်းလေး ပြုလုပ်ပေးခဲ့တယ်ပေါ့နော်။ စစ်ရှောင်နေရတဲ့ ကာလမှာ စစ်ရှောင်တွေက စားဝတ်နေရေးအတွက်ခက်ခဲနေကြတာရှိတယ်။ အပ်ချုပ်ပန်းထိုးပညာကို ဝါသနာပါတဲ့သူ ဒီပညာကို တကယ်စိတ်ပါဝင်စားပြီး တတ်ချင်စိတ်ရှိသူတွေကို စုပေါင်းပြီးသင်ပေးဖြစ်တာပေါ့။ ပညာလေးတခုတတ်သွားရင် သူတို့အနေနဲ့ စားဝတ်နေရေးကို အထောက်အပံ့တခုအဖြစ် ဖြေရှင်းနိုင်မယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။
သင်တန်းမှာ စက်ချုပ်ပန်းထိုးပညာကို စိတ်ဝင်စားကြတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအပါအဝင် အမျိုးသမီး အယောက် ၂၀ သင်တန်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းမှာ ပန်းကြယ်သီးပြုလုပ်နည်းကို အဓိကသင်ကြားပေးကာ သင်တန်းဆင်းလ အမျိုးသမီးတွေအတွက် ဈေးကွက်ရှာဖွေပေးထားပြီး ဝင်ငွေရရှိအောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းတာဝန်ခံတယောက်က “ခြင်းယက်သင်တန်းကို ၃၂ ယောက်နဲ့ ပထမ အကြိမ်ဖွင့်လှစ်ခဲ့ပြီးပါပြီ။ ဒုတိယအကြိမ်မြောက်ဇာထိုး ပန်းထိုးကိုလည်း အယောက် ၂၀ နဲ့ ၂ ကြိမ်တိတိ ဖွင့်လှစ်ခဲ့ပြီဗျ။ ပြည်သူမှပြည်သူသို့အဖွဲ့ကနေပြီး ဇာထိုးပန်းထိုးပညာကို သင်ပေးသွားတယ်၊ တတ်မြောက်သွားတဲ့သူတွေက တချို့ဆိုရင် သူတို့တတ်မြောက်ထားတဲ့ ဇာထိုးပန်းထိုး ပညာလေးက စားဝတ်နေရေးအတွက် အတော်လေးကိုမှ အထောက်အကူဖြစ်နေပြီဗျ” လို့ ပြောပါတယ်။
စက်ချုပ်ပန်းထိုးသင်တန်းအပါအဝင် အသက်မွေးဝမ်းကြောင်းသင်တန်း တက်ရောက်ခဲ့တဲ့အတွက် စစ်ရှောင်အမျိုးသမီးတွေ ဝင်ငွေရှာဖွေနိုင်ပြီး စားဝတ်နေရေး အဆင်ပြေလာတယ်လို့ စစ်ရှောင်စခန်းတာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း စစ်ရှောင်ပြည်သူတွေကို ခြင်းယက်သင်တန်းဖွင့် လှစ်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
သင်တန်းသူတယောက်က “လက်မှုပညာကိုလည်းပိုပြီးမှ စိတ်ဝင်စားလာတယ်၊ ပန်းလေးတွေထိုးရတော့ စိတ်ကိုလည်းငြိမ်စေတယ်၊ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်၊ နောက်ထပ်ဆက်သင်ချင်ရင်လည်း ဒါလေးက အထောက်အကူဖြစ်တာပေါ့။ ကျနော်တို့ဆို ဘာမှကို မလုပ်တတ်သေးဘူး၊ ဆရာမက သေချာကိုသင်ပေးလို့ တော်တော်လေးတတ်လာတယ်။ အဖွဲ့သားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆရာမနဲ့လည်း သင်ပေးတော့ ပျော်လည်းပျော်တယ် နေ့တိုင်းလည်း တက်ချင်တယ်။ ဒီသင်တန်းကို၊ ဆရာမက သေချာလေးသင်ပေးတော့ မခက်ခဲပါဘူး၊ မှားရင်လည်းထောက်ပေးတယ်” လို့ ပြောပါတယ်။
ကောလင်းအနောက်ခြမ်းစစ်ရှောင်စခန်းက ပြည်သူတွေဟာ ကောလင်းတိုက်ပွဲစတင်တဲ့ ၂၀၂၄ ခု ဖေဖော်ဝါရီလကတည်းက စတင်စစ်ဘေးတိမ်းရှောင်လာကြရတယ်လို့ သိရပါတယ်။
ကောလင်းမြို့ပေါ်က စစ်ရှောင်ပြည်သူ ၉၀၀ ကျော်ဟာ နေရပ်မပြန်နိုင်ကြသေးသလို ငွေကြေးထောက်ပံ့မှုတွေလည်း မရရှိတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။
သီရိ