DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် စစ်ရှောင်စခန်းကို စစ်တပ်က ဒုတိယအကြိမ် ဗုံးကြဲ၊ မင်းတပ်တွင် တိုက်ပွဲပြင်းထန်
DVB
·
November 18, 2024
ဘန်ကောက် စစ်ရှောင်စခန်းကို စစ်တပ်က ဒုတိယအကြိမ် ဗုံးကြဲ၊ မင်းတပ်တွင် တိုက်ပွဲပြင်းထန်
1 / 5
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာက ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၁၂ နာရီဝန်းကျင်လောက်မှာ ဘန်ကောက် စစ်ရှောင်စခန်းအနားကို လေကြောင်းကနေ ဗုံးနဲ့ ၃ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အရင်ကနေရာကိုပဲ ကြဲတယ်။ ဂျက်ဖိုက်တာ ၂ စီး ကင်းထောက်တစီးနဲ့၊ လူထိခိုက်မှုရှိတယ်။ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ဘေးရှောင် ပြည်သူတွေနေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဒုတိယအကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဆိုပါနေရာမှာ စစ်ရှောင်ပြည်သူတချို့ ပြန်လည်နေထိုင်နေတဲ့အတွက် ထိခိုက်ပျက်စီးမှု ကြီးမားနိုင်တယ်လို့ ကနဦးသိရပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ရှောင်အရေး ကူညီပေးသူတယောက်က “တော်တော်လေးကို လူမဆန်တာပါ။ ပြောစရာစကား မရှိအောင်ကို ဖြစ်ရတယ်။ စစ်ရှောင်တွေကို ဘာအငြိုးနဲ့ အခုလိုလုပ်နေတာလဲ နားမလည်နိုင်တော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲခဲ့လို့ ကျောင်းသူ ကျောင်းသားတွေ အပါအဝင် ပြည်သူ ၉ ယောက်အထိ သေဆုံးခဲ့ရပြီး စစ်ရှောင်ပြည်သူ ရာချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နိုဝင်ဘာ ၁၇ ရက်နေ့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးတွေ ဆက်တိုက်ကြဲချနေတဲ့အပြင် မြေပြင်စစ်ကြောင်းကလည်း လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

CDF Mindat ရဲ့ ​ပြန်ကြားရေးတာဝန်ခံတယောက်က “နှစ်ဖက်တိုက်ပွဲတွေက တော်တော်လေး ပြင်းပြင်းထန်ထန်ပါပဲ။ သူတို့ဘက်ကလည်း လေ​ကြောင်းပစ်ကူတွေနဲ့ ဗုံးတွေ ဆက်တိုက်ကြဲချနေသလို မြေပြင်စစ်ကြောင်းကလည်း လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတယ်။ ၁၇ ရက် တရက်တည်းမှာ Y12 လေယာဥ်နဲ့ အကြိမ် ၃၀ လောက် ဗုံးအလုံး ၁၀၀ ကျော် ကြဲသွားတယ်။ ရဟတ်ယာဥ်တွေနဲ့ ခလရ ၂၇၄ တပ်ရင်းထဲကိုလည်း လူအင်အားနဲ့ လက်နက်ခဲယမ်း ရိက္ခာတွေ ဆက်တိုက်ပို့ပြီး အင်အားဖြည့်နေတယ်။ ကင်းထောက်ဒရုန်းတွေလည်း အရမ်းဝဲနေတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့နေအိမ်တွေ ပျက်စီးသွားတဲ့အပြင် မြေပြင်စစ်ကြောင်းကလည်း နိုဝင်ဘာ ၁၇ ရက် မနက်အစောပိုင်းကစပြီး မင်းတပ်မြို့အနီးက လူနေအိမ်တွေကို မီးရှို့သွားတယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ခလရ ၂၇၄ တပ်ရင်းက စစ်သားတွေက မင်းတပ်အနောက်ဘက်နားက ၃ မိုင်လမ်းခွဲနားမှာရှိတဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်။ မီးခိုးတွေ လှမ်းမြင်နေရတာတော့ တအားများတယ်။ ဘယ်နှအိမ်လောက် မီးလောင်သွားလဲဆိုတာတော့ မသိရသေးဘူးနော်။ ၁၀ လုံးအထက်မှာ ရှိမယ်လို့တော့ ခန့်မှန်းတယ်။ တိုက်ပွဲတွေ စတင်ချိန်ကတည်းက ပြည်သူပိုင်အိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် မင်းတပ်မြို့ပေါ်က လူနေအိမ် အလုံး ၃၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၉ ရက်ကစပြီး မင်းတပ်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နိုဝင်ဘာ ၁၇ ရက်အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ CDF Mindat တာဝန်ခံက ထုတ်ပြန်ပြောဆိုပေမဲ့ တိုက်ပွဲရဲ့ အသေးစိတ်အခြေအနေကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

မင်းတပ်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးအတွက် ရည်ရွယ်ပြုလုပ်နေတဲ့ တောင်ဇလပ်မြေ ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားတယ်လို့ CDF Mindat ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013