
ဒီနေ့ကျရောက်တဲ့ အီးဒ်နေ့မှာ မြန်မာမွတ်စလင်တွေ စုပေါင်းပြီး ဖောင်ကြီး၊ ဝေဘာဂီ၊ တောင်ဥက္ကလာပဆေးရုံ Quarantine Center တွေအပါအဝင် မေဒါဝီဆေးရုံကြီးကို စမိုင်ဘူးပေါင်း ၁၀၀၀ ကျော်၊ ကြက်ဥပြုတ်တွေနဲ့ ငှက်ပျောသီးတွေ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
မွတ်စ်လင်တွေအနေနဲ့ ဝါကျွတ် အီးဒ်ပွဲတော်မှာ ဆနွင်းမကင်း၊ ဟာလဝါ၊ ဒံပေါက်ထမင်း၊ ထောပတ်ထမင်း၊ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ပန်းသေးခေါက်ဆွဲ၊ လက်ဖက် အကြော်စုံ၊ စမူဆာ၊ ကျောက်ကျော၊ မုန့်လက်ဆောင်း၊ စမိုင်/ရှမိုင်၊ အအေးဖျော်ရည် စတဲ့ အစားအသောက်တွေကို ကျွေးမွေးလေ့ရှိကြပါတယ်။
အစ္စလာမ်သာသနာဝင်တွေဟာ နှစ်စဉ်နှစ်တိုင်း ဥပုသ်လအပြီး နောက်ရက်မှာ အာရဗီလို “အီးဒုလ် ဖိသွ်ရ်” လို့ခေါ်တဲ့ ဝါကျွတ်ပွဲတော်ကို ကျင်းပကြပါတယ်။
မြန်မာနိုင်ငံမှာတော့ အများအားဖြင့် ၁ ရက်ပဲ ကျင်းပကြလေ့ရှိပြီး ဒေသအချို့မှာတော့ ၂ ရက် ဒါမှမဟုတ် ၃ ရက်ထိ ပြုလုပ်ကျင်းပလေ့ ရှိပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ နောင်ရိုးလမ်းက မွတ်စလင်အိမ်တွေကလည်း စမိုင်တွေ အသီးသီးချက်လုပ်ကြပြီး ဘူးပေါင်း ၂၀၀၀ ကျော်ကို တိုင်းကျန်းမာရေးရုံးကတဆင့် Quarantine Center တွေ၊ လှိုင်၊ အဓိပတိ၊ အမရာ၊ သံပျဉ် စတဲ့ Quarantine Center တွေကို ပေးပို့ခဲ့ကြပါတယ်။
Photo - Ye Myo Khant / MPA











