DVB Logo
Home
မြန်မာသတင်း
အခြေခံပညာကျောင်းများ ဇူလိုင် ဒုတိယပတ်နောက်ပိုင်း ဖွင့်လှစ်မည်
DVB
·
May 24, 2020
အခြေခံပညာကျောင်းများ ဇူလိုင် ဒုတိယပတ်နောက်ပိုင်း ဖွင့်လှစ်မည်
Donate to DVB

အခြေခံပညာကျောင်းတွေကို ဇူလိုင် ဒုတိယပတ်နောက်ပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ လျာထားပြီး အထက်တန်းတွေကစလို့ ဖွင့်သွားမယ်လို့ အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ဖြေဆိုပြီးစီးထားတဲ့ တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေကို ဇွန် ပထမပတ်ထဲမှာ စစ်ဆေးဖို့ စီစဉ်နေတာကြောင့် အဲဒီကာလမှာ ကျောင်းတွင်းစာမေးပွဲ အဖြေလွှာတွေကိုလည်း စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။

အခြေခံပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “တက္ကသိုလ်ဝင် အဖြေလွှာတွေကို မေ ၃ ရက်ကနေ ၅ ရက်ကြားမှာ စ စစ်မယ်။ အဲဒါဆို ၄ တန်း၊ ၈ တန်း အဖြေလွှာတွေကိုလည်း စစ်နိုင်မှာပေါ့။ စစ်တဲ့အခါလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကန့်သတ်ချက်တွေကို လိုက်နာရမှာပါ။ ကျောင်းတွေကတော့ အရင်ဆုံးတော့ အထက်တန်းတွေကို စပြီး ဖွင့်ဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

တနိုင်ငံလုံးမှာ မူလတန်းကျောင်းသားပေါင်း ၅၂ သိန်းကျော်ရှိပြီး အထက်တန်းကျောင်းသားက ၁၂ သိန်းပဲ ရှိတာကြောင့် ကျန်းမာရေး ကန့်သတ်ချက်တွေကို လိုက်နာရလွယ်အောင် အထက်တန်းက စဖွင့်တာလို့ သူက ပြောပါတယ်။

“အထက်တန်းကျောင်းက တနိုင်ငံလုံးမှာ ၆၀၀၀ ကျော်ပဲရှိတော့ ပိုပြီး လုပ်ရကိုင်ရလွယ်တာပေါ့။ ဒါ အဆင်ပြေရင် အလယ်တန်းတွေ ဆက်ဖွင့်မယ်။ ဘယ်တော့ ဖွင့်မလဲဆိုတော့ ဇူလိုင် ဒုတိယပတ်နောက်ပိုင်းမှာ ဖြစ်မယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေ ဖြေလျှော့တဲ့ နောက်ပိုင်းမှာမှ ဖြစ်ပါမယ်” လို့ ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလာတာတွေ ကန့်သတ်တာ၊ အိမ်ထဲမှာ နေခိုင်းတာ စတာတွေကို ကျန်းမာရေးဌာနနဲ့ သက်ဆိုင်ရာ ဒေသအစိုးရအလိုက် ကန့်သတ်ထားပြီး တချို့ကိုတော့ ဖြေလျှော့ပေးခဲ့ပြီ ဖြစ်ပါတယ်။

ကျောင်းတွင်းစာမေးပွဲ အဖြေလွှာတွေ စစ်ဆေးတာ၊ အောင်စာရင်းထုတ်တာ၊ ဆရာတွေအတွက် သင်တန်းပေးတာ၊ ကျောင်းအပ်လက်ခံတာ စတာတွေ လုပ်ဖို့အတွက် အကန့်အသတ်တွေ ဖြေလျှော့လို့ စတင်ဆောင်ရွက်နိုင်တဲ့ရက်ကနေ ရက်ပေါင်း ၃၇ ရက်လောက် လိုတယ်လို့လည်း ပညာရေးဌာနက ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ကျောင်းတွေမှာ ပြင်ဆင်ဖို့၊ ဆရာတွေ သင်ရိုးသစ်သင်တန်းတွေ လုပ်ရမှာဖြစ်ပြီး ဘယ်အတန်းက စဖွင့်ဖို့ ဆွေးနွေးနေတာမှာ အထက်တန်းက စဖွင့်ဖို့ သေချာသလောက်ရှိတယ်လို့လည်း ဦးကိုလေးဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013