DVB Logo
Home
Lead Story
မြန်မာနိုင်ငံတွင် ရက်ပေါင်း ၆၀ အတွင်း COVID-19 ပိုး တွေ့ရှိမှု အခြေအနေ
DVB
·
May 23, 2020
မြန်မာနိုင်ငံတွင် ရက်ပေါင်း ၆၀ အတွင်း COVID-19 ပိုး တွေ့ရှိမှု အခြေအနေ
1 / 2
Donate to DVB

မတ်လ ၂၃ရက်နေ့၌ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ကူးစက်မြန် အဆုတ်ရောင်ရောဂါကို ဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်ပိုး (COVID 19) တွေ့ရှိမှုသည် မေလ ၂၂ ရက်နေ့တွင် ရက်ပေါင်း ၆၀ ပြည့်ပြီ ဖြစ်သည်။

ရောဂါပိုး တွေ့ရှိသူပေါင်း ၂၀၁ ဦးရှိပြီး သေဆုံးသူပေါင်း ၆ ဦးရှိသည်။ ရောဂါပိုးတွေ့ရှိသူများ၏ ထက်ဝက်ကျော် ၁၁၆ ဦးမှာ ပြန်လည်သက်သာလာပြီး ၄င်းတို့အနက် ၁၀၁ ဦးမှာ ဆေးရုံဆင်းပြီး ဖြစ်သည်။ ကုသဆဲလူနာ ၇၉ ဦးရှိပြီး ရောဂါပိုးမရှိတော့၍ ဆေးရုံဆင်းရန် စောင့်နေသူများမှာ ၁၅ ဦးရှိသည်။



ရက်ပေါင်း ၆၀ အတွင်း ရောဂါပိုးတွေ့ရှိမှု၏ ၈၀ ရာခိုင်နှုန်းခန့်မှာ နိုင်ငံတွင်း ကူးစက်ခံရသူများဖြစ်ကြသည်။ ရောဂါပိုးတွေ့ရှိမှု၏ ၃၁ ရာခိုင်နှုန်းမှာ စောင့်ကြည့်လူနာများ ဖြစ်ကြပြီး ကျန် ၆၉ ရာခိုင်နှုန်းမှာ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူနှင့် အသွားအလာ ကန့်သတ်ခံရသူများထံမှ ဖြစ်ကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ ၂၃ရက်နေ့ထုတ် COVID-19 ရောဂါဖြစ်ပွားမှု ခြုံငြုံသုံသပ်မှု အခြေအနေ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေး တွေ့ရှိမှုသည် အတည်ပြုလူနာနှင့် ထိတွေ့သူများတွင် ၃ ဒသမ ၄ ရာခိုင်နှုန်း၊ စောင့်ကြည့်လူနာ များတွင် ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ရောဂါလက္ခဏာမပြသော်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားရာဇဝင် ရှိသည့် အတွက် အသွားအလာ ကန့်သတ်ထားသူများတွင် ၀ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်သည်။



ပြည်ပကူးစက်မှုတွင် မြန်မာနိုင်ငံသား ၄၀ ဦးရှိပြီး နိုင်ငံခြားသား ၅ ဦးရှိသည်။ ပြည်ပကူးစက်မှု၌ နေရပ်ပြန် မြန်မာများတွင် အများဆုံးဖြစ်ပြီး ၂၅ ဦးရှိသည်။ ၄င်းတို့အနက် ၂၀ ဦးမှာ ကယ်ဆယ်ရေးလေယာဥ်များဖြင့် ပြန်လာသူများဖြစ်ပြီး၊ ၅ ဦးမှာ နယ်စပ်မှ ပြန်လာသူများဖြစ်သည်။

လက်ရှိအချိန်အထိ အစိုးရသို့မဟုတ် ပုဂ္ဂလိက အစီအစဥ်ဖြင့် နေရပ်ပြန်လိုသည့် ပြည်ပရောက်မြန်မာများကို ပြန်လည်ခေါ်ယူသည့် အစီအစဥ်မှတစ်ဆင့် နိုင်ငံပေါင်း ၂၀ ကျော်မှ ပြန်လည်ရောက်ရှိလာသူပေါင်း ၃,၀၀၀ ကျော်ရှိပြီဖြစ်သည်။ နေရပ်ပြန် မြန်မာများမှ ရောဂါပိုးတွေ့ရှိမှုတွင် မလေးရှားနိုင်ငံမှ ပြန်လာသူများတွင် အများဆုံးဖြစ်ပြီး ၁၁ ဦး ရှိသည်။



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မေလ ၂၂ ရက်နေ့ထိ ဓာတ်ခွဲစစ်ဆေးမှု ပေါင်း ၁၈,၀၀၀ နီးပါးရှိသည်။ ရက်ပေါင်း ၆၀ အတွင်း ရောဂါပိုးမတွေ့ရှိသည့်ရက်ပေါင်း ၁၈ ရက်ရှိသည်။ ထို့ပြင် နေ့အလိုက် ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်သည် တဖြည်းဖြည်းများလာခဲ့ပြီး မေလ ၂၂ ရက်တွင် စစ်ဆေးမှု အများဆုံးဖြစ်ပြီး စစ်ဆေးမှု အရေအတွက်ပေါင်း ၇၄၀ ရှိခဲ့သည်။

ဧပြီလ ၁၃ ရက်နေ့သည် ရောဂါပိုးတွေ့ရှိမှု အများဆုံးနေ့ဖြစ်ပြီး ၂၁ ဦး တွေ့ရှိခဲ့ကာ မေလ ၇ ရက်နေ့သည် ဒုတိယ အများဆုံး ရောဂါပိုးတွေ့ရှိသည့် နေ့ဖြစ်ပြီး ၁၄ ဦး တွေ့ရှိခဲ့သည်။



ရောဂါပိုးရှိကြောင်း အတည်ပြုလူနာများတွင် အမျိုးသမီး ဦးရေထက် အမျိုးသားဦးရေ ပိုများသည်။ အမျိုးသား၁၁၃ ဦး၊ အမျိုးသမီး ၈၈ ဦးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် အမျိုးသား ၅၆ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၄ ရာခိုင်နှုန်း ဖြစ်သည်။ အသက်အပိုင်းအားဖြင့် အသက် ၂၀ မှ ၂၉ နှစ် အရွယ် အသက်အုပ်စုတွင် ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်ပြီး ၅၄ ဦးရှိသည်။ ယင်းပမာဏသည် ရောဂါပိုးတွေ့ရှိမှုပေါင်း၏ ၄ ပုံ ၁ပုံကျော် ဖြစ်သည်။



ရက် ၆၀အတွင်း COVID-19 အတည်ပြုလူနာ တွေ့ရှိမှုသည် ကယားပြည်နယ်မှအပ နေပြည်တော်အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တွေ့ရှိထားပြီး ဖြစ်သည်။

တစ်နိုင်ငံလုံးမှ မြို့နယ်ပေါင်း ၅၄ ခုတွင် ရောဂါပိုးတွေ့ရှိထားပြီးဖြစ်သည်။ ရန်ကုန်တိုင်းမှ ၂၈ မြို့နယ်၊ ရှမ်းပြည်နယ်မှ မြို့နယ် ၅ ခု၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ်တို့မှ ၃ မြို့နယ်စီ၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ၂ မြို့နယ်စီ၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ မြို့နယ် ၁ ခုစီ တို့ ဖြစ်ကြသည်။ သို့သော်လည်း မန္တလေး၊ မွန်၊ ကချင်၊ မွန် တို့မှ လူနာများမှာ ပျောက်ကင်းပြီးဖြစ်၍ လက်ရှိအချိန်တွင် ၄င်း ပြည်နယ်နှင့်တိုင်းများတွင် ရောဂါဖြစ်ပွားသူ မရှိပါ။



လက်ရှိတွင် ပြည်နယ်နှင့်တိုင်း ၁၀ ခုမှ ဆေးရုံပေါင်း ၁၃ ရုံတွင် COVID 19 လူနာများကို ကုသပေးလျှက်ရှိသည်။ အဆိုပါ ဆေးရုံများတွင် ဆေးကုသဆဲလူနာ ၇၉ ဦးရှိသည်။ အတည်ပြုလူနာ ထက်ဝက်ခန့်ကို ရန်ကုန်တိုင်းရှိ ဝေဘာဂီဆေးရုံတွင် ကုသပေးလျှက်ရှိပြီး အဆိုပါဆေးရုံမှ ၃ ပုံ ၂ ပုံခန့်မှာ ပြည်လည်သက်သာလာပြီ ဖြစ်သည်။



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ မေလ ၂၂ ရက် ထုတ်ပြန်ချက်အရ မေလ ၂၀ ရက်နေ့ထိ တစ်နိုင်ငံလုံးတွင်အသွားအလာ ကန့်သတ်ခံထားရသူပေါင်း ၂၁၀,၀၀၀ ကျော်ရှိသည်။ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဧပြီလ ၂၄ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ အသွားအလာ ကန့်သတ်ခံရမှုတွင် စစ်ကိုင်း တိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံးဖြစ်နေခဲ့သည်။



လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံအနက် ရောဂါဖြစ်ပွားသူ လူနာဦးရေအရ နံပါတ် ၇ နေရာတွင်ရှိနေသည်။ မြန်မာအထက်တွင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်မ်၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့ ရှိသည်။

မြန်မာနိုင်ငံ၏ ရက်ပေါင်း ၆၀ အတွင်း ရောဂါပိုးတွေ့ရှိမှုသည် အာဆီယံနိုင်ငံအများအနက် ရောဂါပိုး အစောဆုံး တွေ့ရှိခဲ့သည့် ထိုင်းနိုင်ငံထက် ၃ ဆခန့် ပိုများနေခဲ့သည်။

ထို့ပြင် မြန်မာထက် တစ်ရက်နောက်ကျပြီး ရောဂါပိုးတွေ့ရှိခဲ့သည့် လာအိုနိုင်ငံသည် COVID-19 ရောဂါပိုး ရှိကြောင်း အတည်ပြုပြီး ၂၁ ရက်အကြာထိ အတည်ပြုလူနာ ၁၉ ဦးသာရှိခဲ့သည်။ ထို့နောက် ထပ်တိုးလူနာ အသစ်များ မရှိသည့်အတွက် လာအိုနိုင်ငံသည် အာဆီယံနိုင်ငံအတွင်း ရောဂါဖြစ်ပွားမှု အနည်းဆုံး နိုင်ငံလည်း ဖြစ်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013