DVB Logo
Home
မြန်မာသတင်း
ကမမောင်းတွင် တပ်မတော်နှင့် ကေအန်ယူ ပစ်ခတ်မှုဖြစ်ပွား၊ တပ်မတော်သား ၁ ဦးသေဆုံး
DVB
·
May 21, 2020
ကမမောင်းတွင် တပ်မတော်နှင့် ကေအန်ယူ ပစ်ခတ်မှုဖြစ်ပွား၊ တပ်မတော်သား ၁ ဦးသေဆုံး
Donate to DVB

ကမမောင်းမြို့နယ်ခွဲမှာ မေ ၂၀ ရက်က တပ်မတော်နဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅ တို့ ၁ ရက်တည်း ၂ ကြိမ် မိနစ်အနည်းငယ်စီ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ တပ်မ​တော်သား ၁ ဦးသေဆုံးသွားတယ်လို့  အပစ်ရပ်စောင့်ကြည့်အဖွဲ့နဲ့  ဒေသခံတွေက ပြောပါတယ်။

ကမမောင်းမြို့နယ်ခွဲ ဝါးသိုးခိုနဲ့ ဝါးဒူးကျေးရွာအနီးမှာ မေ ၂၀ ရက် မနက် ၇ နာရီခန့်က ၁ ကြိမ်နဲ့ နေ့လည် ၁၂ နာရီခန့်က တစ်ကြိမ်စီ တပ်မတော် ခမရ ၄၀၅ နဲ့ ကေအန်ယူတို့ မိနစ်အနည်းစီ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် တပ်မတော်သား ၁ ဦးသေဆုံးပြီး ကေအန်ယူဘက်က သေဆုံးဒဏ်ရာရရှိမှု​တော့ မသိရဘူးလို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

"အပြန်အလှန်လက်နက်ကြီးနဲ့ အခုကတပ်ကပြန်ဆင်းလာပြီဆိုတော့ အေးဆေးသွားပြီ။ တပ်မတော်ဘက်ကတော့  ၁ ဦးကျတယ်။ ကျန်တာကတော့ ပြောမတတ်သေးဘူး။ လက်နက်ကြီး ပြန်ပစ်တော့ သူတို့လည်းထိမှာပေါ့" 

တပ်မတော်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မောင်မောင်လတ်က "ဖြစ်စဉ်ကို  မသိရသေးဘူး။ ကျနော်အပြင်ရောက်နေလို့"လို့ ပြောပါတယ်။

ဒီကနေ့ မနက် ၇ နာရီခန့်က ကူးဆိပ်ကျေးရွာအနီးမှာ ပေါက်ကွဲမှု ၁ ကြိမ်နဲ့ မေ ၂၀ ရက် မနက် ၉ နာရီခွဲခန့်က ၁ ကြိမ် ပေါက်ကွဲသံတွေကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖာပွန်မြို့နယ်၊ ဝှေ့မှုန်ကျေးရွာ၊ ဦးသန်းဝင်း က "နှစ်ဖက်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေက အထိတ်တလန့်ဖြစ်နေတယ်။ ဒေသခံတွေအတွက် ရှာဖွေစားသောက်ဖို့ အခက်အခဲဖြစ်နေပြီ။ မိုးတွင်းရှာဖွေစားသောက်ဖို့က မလွယ်ဘူး"လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မဟာ ၅ ကေအန်ယူ  ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း COVID- 19 ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် နှစ်ဖက်တင်းမာမှုဖြစ်ပွားပြီး ဒီက​နေ့အထိ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။

တပ်မတော်ကတော့ ရခိုင်ပြည်နယ်က လွဲပြီး ကျန်တဲ့ဒေသတွေမှာ တဖက်သတ်အပစ်အခတ် ရပ်စဲရေး ကြေညာထားပါတယ်။  

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013