DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
စစ်တပ် စစ်ကြောင်းများ ကမမောင်း-ဖာပွန်သွား လမ်းပေါ်က ဖားလုံးကြီးရွာကို ရောက်ရှိ
အောင်ခန့်
·
September 9, 2026
စစ်တပ် စစ်ကြောင်းများ ကမမောင်း-ဖာပွန်သွား လမ်းပေါ်က ဖားလုံးကြီးရွာကို ရောက်ရှိ
Donate to DVB

စစ်အာဏာရှင်တပ်က မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့  ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေပါတယ်။

စစ်တပ်စစ်ကြောင်းတွေ ၄ လကျော် ကြာမြင့်လာတဲ့အထိ ဖာပွန်မြို့ကို မရောက်ရှိသေးဘဲ မိုင် ၂၀ လောက်သာ လိုတော့တဲ့  မိုင်တိုင်အမှတ်၊ ၂၈/၅ မိုင်နားက ဖားလုံးကြီးကျေးရွာကို ဩဂုတ် ၃ ရက်က ရောက်ရှိပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံနေရပါတယ်။

ဒါပေမဲ့ စစ်တပ်ဘက်ကတော့ ထိတွေ့တိုက်ပွဲ ၅၆ ကြိမ် ဖြစ်ပွားပြီး ယာယီခြေကုပ်စခန်း ၁၁ ခု၊ အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနဲ့ ဆက်စပ်စ္စည်းတွေ၊ FPV Drone ၂၄ စီး၊ မိုင်းမျိုးစုံ ၂၄၃ လုံး၊ လမ်းလျှောက်စကားပြောစက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ဖာလုံးကြီးကျေးရွာကိုပါ သိမ်းပိုက်ရရှိတယ်လို့ စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “ပြောရရင် ဒါက ချင်း(ဂျင်း)သတင်းပေါ့။ False news ပေါ့။ အလိမ်အညာပေါ့။ စစ်တပ်ဘက်က ကျဆုံးတာတွေ ထိခိုက်တာတွေ များနေတဲ့အပေါ်မှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ကျမှာစိုးလို့ အားငယ်မှာစိုးလို့ စိတ်ဓာတ်မြှင့်တင်တဲ့အနေနဲ့ သူတို့ လုပ်တယ်လို့ပဲ မြင်ရတယ်။ အမှန်တကယ်တော့ မြေပြင်မှာက ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး ခံနေရတာက မအလဘက်က ဖြစ်တယ်။ အဲဒါကို သူတို့က စစ်တပ်ရဲ့လော်ဘီ၊ သူတို့ ဒေါက်တိုင်၊ သူတို့ရဲ့ အားပေးဖြစ်တဲ့ မြန်မာ့အလင်းတို့ ကြေးမုံတို့ ဒီလိုသတင်းစာတွေမှာ မြို့တွင်းမှာရှိတဲ့ ပြည်သူလူထုတွေ သူတို့ကို ထောက်ခံတဲ့လူတွေ ဒါမှမဟုတ် သူတို့ကို မထောက်ခံတဲ့လူတွေကို ယုံထင်ကြောင်ထင် ဖြစ်သွားစေအောင်၊ တဖက်က တော်လှန်ရေးတပ်ဖွဲ့တွေကို ယုံကြည်အားကိုးမှု မရှိစေအောင် ဆိုက်ဝါးလုပ်တာ၊ False news ပဲဖြစ်တယ်လို့ ကျနော်တို့က ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တဖက်မှာလည်း စစ်အာဏာရှင်ရဲ့ ဖာပွန်ဗျူဟာ အပါအဝင် လက်ကျန်တပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက နှစ်နဲ့ချီ ပိတ်ဆို့ပြီး ဝိုင်းဝန်းတိုက်ခိုက်နေတာကြောင့် တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးတာတွေ ရှိနေပါတယ်။

ပိတ်ဆို့ခံထားရတဲ့ထဲက  လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စုတွင်းက တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ထိုမိုပလယ်မဲတပ်စခန်းက တပ်ဖွဲ့ဝင်တွေဟာ ဩဂုတ် ၂၉ ရက်က အစာရေစာငတ်ပြတ်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။

ဒါကြောင့် စက်တင်ဘာ ၈ ရက်က KNLA ပူးပေါင်းတပ်ဖွဲ့တွေက စခန်းကို တက်ရောက်ပြီး သိမ်းပိုက်ခဲ့ပါတယ်။

တပ်မဟာ ၅ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က “ထိုမိုပလယ်မဲဆိုတာ လူသောမြို့နယ်၊ မူတြော်ရဲ့ အပေါ်ဘက်က တပခ ခွင်ပေါ့။ စကစရဲ့ စစ်ဆင်ရေးခွင်ပေါ့။ အဲစခန်းက တော်လှန်ရေးဘက်က သွားတက်သိမ်းလို့ရပြီ။ အဲဒီအပေါ်မှာ ဒီစခန်းက သွားတိုက်သိမ်းလို့ ကျသွားတာ မဟုတ်ဘူး။ ဖိအားတော့ပေးတာပေါ့။ ဖိအားက နှစ်နဲ့ချီ လနဲ့ချီ ဖိအားပေးတဲ့အပေါ်မှာ နောက်ဆုံးတော့ သူတို့ဘာသာ သူတို့ ဆုတ်လိုက်တာ။ ဆုတ်တဲ့အပေါ်မှာ ကျနော်တို့ဘက်က သွားပြီးတော့ တက်ရှင်းတာ။ ထိုမိုပလယ်မဲစခန်းမှာ (စကစတွေ) မရှိတော့ဘူး။ အခုဆိုရင် ပူပူနွေးနွေးပေါ့။ စခန်းကို တက်ပြီးတော့ ရှင်းတာ” လို့‌ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်က ကမမောင်း-ဖာပွန် ကားလမ်းပေါ်က ဖားလုံးကြီးနဲ့ ဖားလုံးလေးကြား စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၉ ယောက် ဒဏ်ရာရပြီး လက်နက် ၃ လက် သိမ်းပိုက်ရရှိခဲ့ပါတယ်။

စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးတာ၊ လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့ ဖာပွန်ကားလမ်းမကြီး အနီးအနား ကျေးရွာက ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013