DVB Logo
Home
မြန်မာသတင်း
ကပ်ဘေးကာလ ထိုင်းနိုင်ငံ၏ အွန်လိုင်းပညာရေး မြန်မာရွှေ့ပြောင်းလုပ်သားများ အလှမ်းမမီသေး 
DVB
·
May 19, 2020
ကပ်ဘေးကာလ ထိုင်းနိုင်ငံ၏ အွန်လိုင်းပညာရေး မြန်မာရွှေ့ပြောင်းလုပ်သားများ အလှမ်းမမီသေး 
Donate to DVB

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပေမယ့် သင်ကြားရေး အဆက်မပြတ်စေဖို့ ထိုင်းအစိုးရက မေလ ၁၈ ရက်နေ့ကစပြီး တီဗွီကနေကျောင်းသင်ခန်းစာတွေ ထုတ်လွှင့်သင်ကြားနေသလို အွန်လိုင်းကနေလည်း ပို့ချသင်ကြား နေပါတယ်။ 

ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သားတွေနဲ့  သူတို့ရင်သွေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာတော့ အဆိုပါအစီအစဉ်ကို လက်လှမ်းမမီသေးပါဘူး။ 

ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးတက်ရောက်သင်ကြားနေတဲ့ ဘန်ကောက်က DEAR Burma Academy ကျောင်းမှာဆိုရင် ကွန်ပြူတာတွေ လုံလောက်မှုမရှိသလို တီဗွီကပို့ချတဲ့ သင်ခန်းစာတွေဟာ ကျောင်းသားတွေ အလုပ်လုပ်ချိန်နဲ့ တိုက်ဆိုင်နေတော့ သင်ယူဖို့ရာ အဆင်မပြေဘူး လို့  အဆိုပါကျောင်းရဲ့ ဒါရိုက်တာ ဆရာဦးမြင့်ဝေက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ကျောင်းက မြန်မာပြည်မှာအကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူတွေ၊ ပညာရေးတပိုင်း တစနဲ့ ကျောင်းထွက်လာရသူတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ထိုင်းစာ အင်္ဂလိပ်စာတွေနဲ့ သင်တဲ့ အင်တာနေရှင်နယ်စနစ်ကို မမီသေးပါဘူး။ ပြီးတော့ တယ်လီဗေးရှင်း မရှိတဲ့သူနဲ့ လက်ကိုင်ဖုန်းရှိတဲ့သူကလည်း DTAC ရိုးရိုးဖုန်းပဲရှိတာတွေ၊ တချို့ကလည်း တီဗွီက ကျောင်းသင်ခန်းစာပြချိန်က သူတို့အလုပ်ဝင်နေတဲ့ အချိန်ဖြစ်နေတာတွေ၊ ကျနော်တို့ကျောင်းမှာ ကျောင်းသားပေါင်း ၇၀၀ ကျော်တယ်။ ကွန်ပြူတာအလုံးပေါင်း ၁၀၀ ကျော်ပဲရှိတယ်။ အွန်လိုင်းသုံး ဖို့ အဲဒီကွန်ပြူတာ တလုံးစီကို လိုက်သင်ပေးမယ့် ဆရာတွေလည်း မလုံလောက်ပါဘူး။ အဲဒါကြောင့် ထိုင်းရဲ့ အွန်လိုင်းပညာရေးစနစ်၊ တီဗွီသင်ကြားရေးက အလှမ်းမမီပါဘူးခင်ဗျာ။”

ဒါကြောင့် ထိုင်းအစိုးရက  ဇူလိုင် ၁ ရက်နေ့မှာ ကျောင်းတွေ စဖွင့်မယ်ဆိုတဲ့ ကြေညာချက်အတိုင်း အဲဒီနေ့ကိုသာ စောင့်မျှော်နေပြီး ကျောင်းပြန်ဖွင့်ရင် ကူးစက်ရောဂါ ကာကွယ်ရေးအတွက် စာသင်ခန်း၊ တယောက်နဲ့တယောက် ခပ်ခွာခွာနေရမယ့် ထိုင်ခုံအနေအထား၊ စည်းကမ်းချက်တွေအတွက် ကျောင်းက တိုင်ပင်ဆွေးနွေး ပြင်ဆင်နေတယ်လို့ ဦးမြင့်ဝေက ပြောပါတယ်။ 

အလားတူ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်မှာ ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာလည်း ရွှေ့ပြောင်းလုပ်သားကလေးတွေကို အွန်လိုင်းကနေ သင်ကြားပေးဖို့ ဖြစ်နိုင်ခြေရှိမရှိ ကွင်းဆင်းလေ့လာရာမှာ အခက်အခဲရှိ နိုင်တာကို တွေ့ရှိခဲ့တယ်လို့ FED ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အွန်လိုင်းနဲ့သင်ဖို့  ကျနော်တို့ ဆာဗေးလုပ်ကြည့်တာမှာ  မိဘတွေက သူတို့ကလေးတွေကို ကူလုပ်ပေးဖို့က သိပ်အဆင်မပြေဘူး။ အင်တာနက်ကိစ္စ ကွန်ပြူတာ/တီဗွီ အထောက်အကူ ပစ္စည်းတွေ ဝယ်ယူဖို့၊ ကိုင်တွယ်ဖို့၊ ကြပ်မတ်ပေးဖို့ အဲဒါ အဆင်မပြေဘူး။ သူတို့က ရွှေ့ပြောင်း အလုပ်သမားတွေလေ  ကောဆော်နော (သက်ကြီးကျောင်း)ကတော့ အဆင်ပြေပါတယ်။ အခုဖွင့်တာ ၁ လကျော်ပြီ။”

ကပ်ဘေးကာလ ကျောင်းပိတ်ထားတော့ တချို့မိဘအုပ်ထိန်းသူတွေဟာ ခါတိုင်းလို ကလေးကျောင်းပို့ပြီး အလုပ်ကို အေးဆေးလုပ်လို့မရတော့တာတွေရှိသလို တချို့ကတော့ အလုပ်လက်မဲ့ဖြစ်လို့ မြန်မာပြည် ပြန်ချင်ပေမယ့် ပြန်လို့မရသေးဘဲ ပိတ်မိနေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ 

FED ပညာရေးတာဝန်ခံ ဆရာစောမူးဒိုကလည်း  ကပ်ဘေးကာလမှာ တချို့ကျောင်းသား တွေ ပညာရေးစိတ်မဝင်စားတော့ဘဲ အလုပ်ကိုသာလုပ်ချင်နေကြောင်း၊ အွန်လိုင်းသင်ကြားရေး အဆင်ပြေမပြေတော့ စမ်းသင်ကြည့်မှ အခက်အခဲတွေ ပိုသိမှာဖြစ်ကြောင်း၊ ဇူလိုင်လ ၁ ရက် ကျောင်းပြန်ဖွင့်ဖို့ကိုတော့ မျှော်လင့်ပြင်ဆင်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

တာ့ခ်ခရိုင် မဲဆောက်မြို့မှာ Social Action for Children and Women – SAW က ဖွင့်လှစ်ထားတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ မိဘမဲ့ကလေးများစာသင်ကျောင်းကတော့ အစိုးရရဲ့ အရေးပေါ်ကြေညာချက်အတိုင်း ပိတ်ထားပြီး အွန်လိုင်းသင်ကြားရေး/ရုပ်မြင်သံကြားက သင်ယူရေး တွေ မရှိဘဲ လာမယ့် ဇူလိုင် ၁ ရက် မှ ကျောင်းပြန်ဖွင့်မယ်လို့ ကျောင်းရဲ့အမှုဆောင်ကော်မတီဝင် ဒေါ်အေးမာက ဒီဗွီဘီကို ပြောပါတယ်။ 

ထိုင်းအစိုးရရဲ့ အွန်လိုင်းနဲ့ ရုပ်မြင်သံကြား ပညာရေးမှာ ရွှေ့ပြောင်းအလုပ်သမားကလေးတွေ

အလှမ်းမီဖို့ မဆိုထားနဲ့ ထိုင်းကလေးတွေတောင်မှ အခက်အခဲဖြစ်နေတယ်လို့ ချင်းမိုင်ခရိုင် တောင်ပေါ်ကျေးရွာမှ ဆရာမ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့က စတာပေါ့နော် တီဗွီလိုင်းနဲ့ စာသင်တာ၊ စစချင်း အဆင်မပြေပါဘူး။ တောင်ပေါ်မှာ တီဗွီလိုင်း မမိဘူး။ တချို့အိမ်မှာ တီဗွီမရှိဘူး။ အွန်လိုင်းနဲ့သင်တာ ကလေးတွေလည်း အာရုံမလာဘူး။ ကွန်ပြူတာကြည့်ရင်းနဲ့ အိပ်ပျော်သွားတဲ့ကလေးက ရှိသေးတယ်။”

တချို့မိဘတွေကတော့ မိမိသားသမီးကို အွန်လိုင်းမှာစာသင်ရဖို့ စမတ်ဖုန်းတွေ၊ laptop  ကွန်ပြူတာနဲ့ tablet တွေ  သွားဝယ်ပေးကြတာတွေရှိပါတယ်။

တချို့က COVID-19 ကပ်ဘေးကြောင့် အလုပ်လက်မဲ့ဖြစ်နေရတဲ့ထဲ ကိုယ့်ကလေးတွေ အွန်လိုင်းကနေစာသင်ရဖို့ သင်ထောက်ကူပြုပစ္စည်း ( ကွန်ပြူတာ / ဖုန်း)တွေ ထပ်ဝယ်ရလို့ ပိုပြီး ဝန်ထုပ်ဝန်ပိုးဖြစ်ရတယ်လို့ အဆိုပါ ဆရာမက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013