DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ COVID-19 ပထမလှိုင်းပြီးပြီဟု ယူဆရကြောင်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးပြော
DVB
·
May 17, 2020
မြန်မာနိုင်ငံ၌ COVID-19 ပထမလှိုင်းပြီးပြီဟု ယူဆရကြောင်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးပြော
Donate to DVB

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ခုရက်ပိုင်း COVID-19 ရောဂါကူးစက်မှုအနေအထားလျော့ကျလာတာ၊ ဆရာဝန် တချို့ရဲ့ သုံးသပ်ချက်နဲ့ လက်ရှိမြေပြင်အနေအထားတွေအရ မြန်မာပြည်မှာ COVID-19 ပထမလှိုင်းပြီးပြီလို့  ယူဆရကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကိုပြောပါတယ်။ 

“အဲလိုဘဲ ယူဆရမှာပဲဗျ။ အခုနောက်ပိုင်းနည်းနည်းလေး ငြိမ်လာတယ်လေ။  နည်းနည်းလေး ထိန်းချုပ်လာနိုင်တယ်ဆိုတော့ ကျနော်တို့ ဒါ စိတ်ကျေနပ်စရာ ကောင်းပါတယ်ဗျ”

ဒုတိယလှိုင်းအတွက်လည်း ပြင်ဆင်တဲ့အနေနဲ့ရော ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ ကျန်းမာရေးစစ်တမ်းတွေကို ရန်ကုန်မှာ  မြို့နယ်အလိုက် လိုက်ကောက်ယူနေတယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူရာမှာ ပြည်သူတွေကိုပါ ကျန်းမာရေးစစ်ဆေးပြီးသားဖြစ်လို့ သူတို့ အနေနဲ့ စိတ်ကျေနပ်မှုရခဲ့ကြောင်း၊ ပြည်သူလူထုအနေနဲ့ အခုကာလမှာ တွေ့ရသလောက် နှာခေါင်းစည်းတပ်တာတွေ မတွေ့ကြောင်း၊ Social Distancingတွေ လုပ်မနေကြောင်း၊ လူအုပ်စုလိုက် နေတာတွေရှိကြောင်း၊ ဒါတွေဟာ အရမ်းစိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ကြောင်း၊ ဒါတွေကို ဆင်ခြင်ပြီး၊ သင်္ကြန်ကာလ နေတဲ့ပုံစံလေးပဲ နေပေးဖို့နဲ့ မဖြစ်မနေမှဘဲ  အပြင်ထွက်ဖို့ ပြည်သူလူထုကို တိုက်တွန်းလိုကြောင်း ဝန်ကြီးကပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်နေပြည်သူတွေအနေနဲ့ အပြင်ထွက်ရင် Maskတပ်ဖို့၊ လူ ၅ ဦးထက် ပိုမစုဖို့၊ ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက်ဖို့၊ Social Distancing နဲ့ နေထိုင်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေက အကျုံးဝင်နေဆဲဖြစ်ပါတယ်။ 

COVID-19  လူနာအများဆုံးရှိတဲ့ ရန်ကုန်တိုင်းမှာတော့ Semi Lockdown စာရင်းဝင် ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံနဲ့ ဗိုလ်တထောင်မြို့နယ် ၄ မြို့နယ်ကိုတော့ မေလ ၁၅ ရက်က စလို့ နေအိမ်မှာနေထိုင်ရေး (Stay At Home) အစီအစဉ်မှာ အကျုံးဝင်တာကနေ ပယ်ဖျက်လိုက်တယ်လို့  ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။

ရန်ကုန်မြို့ကဆရာဝန်တစ်ဦးကတော့ "နှာခေါင်းစည်းတပ်ကြပါ။ လူတိုင်းက နှာခေါင်းစည်းတပ်ကို တပ်သင့်ပါတယ်။ သူ့မှာကူးနေသလား၊ ကိုယ့်မှာကူးနေသလားဆိုတာ ဘယ်လိုမှ မှန်းမလို့မှ မရတာ။ ဆိုတော့ နှာခေါင်းစည်းကို တပ်သင့်တယ်လို့ပြောချင်တယ်။ Social Distancing ဆိုတာကတော့ ဆိုင်တွေလည်း ဖွင့်နေတော့ သိပ်လုပ်နိုင်မှာမ ဟုတ်တော့ဘူး။ နောက်ပိုင်းကတော့ဗိုင်းရပ်စ်နဲ့ အတူယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ ပုံစံမျိုးပဲ သွားရတော့မယ့်သဘော ဖြစ်နေတယ်။"လို့ သုံးသပ်ပြောပါတယ်။ 

ဒီကနေ့ မေလ ၁၇ ရက် ည ၈ နာရီအထိတော့ မရမ်းကုန်းနဲ့ ပုဇွန်တောင်မြို့နယ်တွေမှာ COVID-19 လူနာသစ် ၂ ဦးထပ်တွေ့ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၁၈၄ ဦးအထိ ရှိလာပါတယ်။

ရန်ကုန်တိုင်းမှာတော့ COVID-19 ပိုးတွေ့လူနာ ၁၄၅ ဦး ကျော်ရှိပြီး လူနာအများဆုံးတွေ့ရှိတဲ့ အင်းစိန်မြို့နယ်မှာတော့ ၁၀ ဦးနဲ့အထက် အုပ်စုလိုက်ဆင့်ပွား ကူးစက်တာ တွေ့ရပါတယ်။

သင်္ကြန်ကာလနောက်ပိုင်း ပြည်သူလူထုအနေနဲ့ နှာခေါင်းစည်းမတပ်ဘဲ အိမ်အပြင်ထွက်တာတွေ ရှိခဲ့တဲ့အပြင် လူအများစုသွားလာရာတွေဖြစ်တဲ့ ဈေးတွေမှာလည်း နှာခေါင်းစည်းမတပ်ဘဲ ရောင်းဝယ်နေတာကို သတင်းမီဒီယာတွေ ဖော်ပြပြီးနောက်ပိုင်း၊ တိုင်းနဲ့ပြည်နယ် ၅ ခုကစခဲ့တဲ့ နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်အရေးယူတဲ့အစီအစဉ်တွေကို မေလ ၁၃ ရက်နေ့ကစပြီး ရန်ကုန်တိုင်းအစိုးရက လုပ်ဆောင်နေပါတယ်။

မေလ ၁၃ ရက်ကစလို့  အခုရက်ပိုင်းအတွင်း မြို့နယ်တချို့မှာတော့ နှာခေါင်းစည်းမတပ်သူတွေကို ဒဏ်တပ်အရေးယူတာတွေ ရှိခဲ့ပေမဲ့ အရေးယူခံရသူ  အရေအတွက်က ဆယ်ဂဏန်းလောက်သာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013