DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့ ဟွာဘိုဒိုင်း အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံရ
DVB
·
May 17, 2020
ပုသိမ်မြို့ ဟွာဘိုဒိုင်း အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်ရှိ ဟွာဘိုဒိုင်းအထည်ချုပ်စက်ရုံက မေ ၁၄ ရက်နေ့က စတင်ကာ အလုပ်သမား ၁၀၇ ဦးကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ပယ်ခဲ့တယ်လို့ အလုပ်ထုတ်ခံရသူတွေက ပြောပါတယ်။

သင်္ကြန်ရုံးပိတ်ရက် အလုပ်ပြန်ဖွင့်ချိန်မှာ စက်ရုံက တာဝန်ရှိသူတွေက အလုပ်သမားတွေနဲ့ တွေ့ဆုံအစည်းအဝေးလုပ်ပြီး အခြားစက်ရုံတွေလို အလုပ်သမားတွေကို လျှော့ချမှာမဟုတ်ကြောင်း ပြောဆိုထားပေမယ့် စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေက အဖွဲ့အစည်း တရားဝင်မှတ်ပုံတင်ပြီးနောက်မှာ ကြိုတင်အကြောင်းမကြားဘဲ အလုပ်သမားတွေကို လျှော့ချဖို့ စီစဉ်လိုက်တာလို့ အလုပ်သမားသမဂ္ဂခေါင်းဆောင် မနွယ်နီငြိမ်းက DVB ကို ပြောပါတယ်။

“၁၄ ရက်နေ့မှာပဲ အလုပ်သမားတွေ လျှော့ချဖို့ စာရင်းကောက်တယ်၊ အဲဒီနေ့မှာ စာရင်းကပ်တယ်၊ တခါတည်းခေါ် လက်မှတ်ထိုးခိုင်းပြီး ပိုက်ဆံပေးပြီး ပြန်လွှတ်တယ်။ လက်မှတ် မထိုးဘူးဆိုလည်း အတင်းလက်မှတ်ထိုးခိုင်းတယ်။ အဓိက လုပ်သားလျှော့တာမဟုတ်ဘဲ သမဂ္ဂအဖွဲ့အစည်းကို ဖြိုးခွဲချင်တာလို့ မြင်တယ်။‌ လျှော့ချခံရတဲ့အထဲမှာ သမဂ္ဂခေါင်းဆောင် ၄ ဦး ပါသွားတယ်၊ အဖွဲ့ဝင် ၅၀ ရာခိုင်နှုန်းလေက် လျှော့ချခံလိုက်ရတယ်။”

စက်ရုံက လုပ်သားလျှော့ချတဲ့အချိန်မှာ အလုပ်သမားတွေကို မိမိသဘောအရထွက်တဲ့ပုံစံ စာရွက်တွေမှာ လက်မှတ်တွေထိုးခိုင်းပြီး အလုပ်သမားတွေကို အစဉ်လိုက်ထုတ်တာ မဟုတ်တဲ့အပြင် ဥပဒေနဲ့ မညီတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်လက်တိုင်ကြားသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အခုလို အလုပ်ထုတ်လိုက်တဲ့အတွက် နယ်ဝေးက လာရောက်အလုပ်လုပ်ကိုင်သူတွေ အဆောင်ခပေးဖို့နဲ့ နေရပ်ပြန်ဖို့ အခက်အခဲ ကြုံနေရတယ်လို့ အလုပ်သမား မသူဇာထွေးက ပြောပါတယ်။

“စက်ရုံက ရုတ်တရက်ကြီး လျှော့ချခံလိုက်ရတာဆိုတော့ နစ်နာကြေးပေးပြီး နှင်ထုတ်ခံရတဲ့ ပုံစံ ဖြစ်နေတာပေါ့နော်။ အဆောင်မှာပဲ ဆက်နေရမလား၊ ရွာပဲပြန်ရမလား ဘာလုပ်ရမလဲ မသိတော့ဘူး။ စက်ရုံကလည်း နစ်နာကြေး ထုတ်ပေးတာပဲရှိတယ်၊ တိတိကျကျ ဘယ်တော့ ပြန်ခန့်မယ်ဆိုတာ ကတိပေးထားတာ မရှိဘူး။” 

လဝက်နဲ့ အလုပ်ဖြုတ်ခံခဲ့ရတာဖြစ်ပြီး အဆောင်ခတွေလည်း ကြိုပေးထားတာကြောင့် ပြန်တောင်းဖို့ မဖြစ်နိုင်တော့သလို ရတဲ့ နစ်နာကြေးနဲ့လည်း အပြင်မှာ လုပ်ကိုင်စားသောက်ဖို့ မလုံလောက်တဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အလုပ်သမား လျှော့ချခဲ့တာနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေနဲ့ မညီတဲ့အတွက် အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက တိုင်းဒေသကြီး အစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးထံ စာပို့ တိုင်ကြားထားပါတယ်။ 

ဒီဖြစ်နဲ့ပတ်သက်ပြီး စက်ရုံရဲ့ ဖုန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

အလုပ်ဖြုတ်ခံရသူ အများစုဟာ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ဒါးက စတဲ့မြို့နယ်တွေကနေ လာရောက် အလုပ်လုပ်ကိုင်သူတွေဖြစ်ပြီး အလုပ်ပြန်ရဖို့ကို မျှော်လင့်နေကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ စက်မှုဇုန်အတွင်း စက်ရုံ ၈ ရုံရှိပြီး COVID-19 ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ယာယီရပ်နားလိုက်တဲ့ စက်ရုံ ၁ ရုံနဲ့ အလုပ်သမား လျှော့ချခဲ့တဲ့ စက်ရုံ ၂ ရုံရှိခဲ့တယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

COVID-19 ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကန်ကြီးထောင့်မြို့နယ်က ဟွာမှုန်အထည်ချုပ်စက်ရုံ ယာယီရပ်နားခဲ့လို့ အလုပ်သမား ၁၀၀၀ ကျော်နဲ့ ပုသိမ်စက်မှုဇုန်က စက်ရုံ ၂ ရုံက အလုပ်သမားအင်အား လျှော့ချခဲ့လို့ အလုပ်သမား ၃၅၀၀ ကျော် အလုပ်လုပ်မဲ့ ဖြစ်ခဲ့ကြပါတယ်။

စက်ရုံတွေ ယာယီရပ်နားတာနဲ့ လုပ်သားအင်အား လျှော့ချတာကြောင့် စုစုပေါင်း အလုပ်လက်မဲ့ ဦးရေ ၄၆၀၀ ကျော်ရှိပြီလို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013