DVB Logo
Home
မြန်မာသတင်း
ကပ်ဘေးကာလ ထိုင်းရုပ်သံလိုင်း  ၁၇ ခုက ကျောင်းသင်ခန်းစာများ ထုတ်လွှင့်သင်ကြားမည်
DVB
·
May 15, 2020
ကပ်ဘေးကာလ ထိုင်းရုပ်သံလိုင်း  ၁၇ ခုက ကျောင်းသင်ခန်းစာများ ထုတ်လွှင့်သင်ကြားမည်
Donate to DVB

ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှုကြောင့် အခြေခံပညာကျောင်းတွေ၊ အထက်တန်းကျောင်းတွေ၊ သက်မွေးပညာသင်ကျောင်းတွေနဲ့  တက္ကသိုလ်တွေကို ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်ကတည်းက  ပိတ်ထားခဲ့ရပါတယ်။ 

ထိုင်းကျောင်းသားကျောင်းသူတွေဟာ ကျောင်းမသွားရပေမယ့်လည်း ပညာရေးအဆက်မ ပြတ်စေဖို့အတွက် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ရုပ်မြင်သံကြားကနေ သင်ကြားပို့ချဖို့နဲ့ ရုပ်သံ ချန်နယ်လ်ပေါင်း  ၁၇ ခု ကနေ ထုတ်လွှင့်ဖို့အတွက် ထိုင်းအစိုးရ အသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေးကော်မရှင်အဖွဲ့ (NBTC)  မေလ ၁၃ ရက် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ 

ထုတ်လွှင့်မှုတွေကို မေလ ၁၈ ရက်နေ့ စတင်သွားမှာဖြစ်ပြီး မူကြိုနဲ့  သူငယ်တန်းကြီးအတွက် ချန်နယ်လ် ၃၇၊ ၃၈၊ ၃၉၊ အလယ်တန်းတွေအတွက် ချန်နယ်လ် ၄၀ မှ ၄၅ အထိနဲ့ အထက်တန်းတွေအတွက် ချန်နယ်လ် ၄၆ မှ ၅၁ ထိ ထုတ်လွှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

ကောဆော်နောလို့ခေါ်တဲ့ ပြင်ပသက်ကြီးကျောင်းတွေအတွက်တော့ ချန်နယ်လ် ၅၂ ကနေ ထုတ်လွှင့်မှာဖြစ်ပြီး သက်မွေးပညာသင်ကျောင်းတွေကတော့  ချန်နယ်လ် ၅၃ ကနေ ထုတ်လွှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

ရုပ်သံသင်ကြားရေးနဲ့ ပတ်သက်ပြီး ထိုင်းပညာရေးဌာနဝန်ကြီး နိုင်းနာ့သ်ဖုန်း ထိပ်ဆုဝမ်းကတော့ စာသင်ကျောင်းတွေကို လာမယ့် ဇူလိုင် ၁ ရက် ပြန်ဖွင့်ဖို့ အစိုးရက ထုတ်ပြန်ထားပေမယ့် COVID-19 ကူးစက်မှု စိတ်ချရတဲ့ အခြေအနေမရှိသေးရင် ဖွင့်လို့မရနိုင်သေးကြောင်း၊ ရုပ်သံချန်နယ်လ် ၁၇ ခုကနေ ထုတ်လွှင့်သင်ကြားပေးမယ့်အစီအစဉ်ဟာ အွန်လိုင်းသင်ကြားရေးရဲ့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ကြောင်း ဘန်ကောက်မှာ ကျင်းပတဲ့ “ကျောင်းပိတ်ပေမဲ့ ပညာရေးပိတ်လို့မရ” အမည်ရှိ အွန်လိုင်းသင်ကြားရေးဖွင့်လှစ်ပွဲ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

ဒီမတိုင်ခင်ကလည်း COVID-19 ကာလ ကျောင်းပိတ်ရက်အတွင်း လူငယ်နဲ့ မိသားစု ပညာပေး Active Learning TV (ALTV) အစီအစဉ်ကို Thai PBS  ရုပ်သံကနေ ထုတ်လွှင့်ပေးနေပါတယ်။

လာမယ့် တနင်္လာနေ့စတင်မယ့် ရုပ်သံသင်ကြားပို့ချမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စာသင်ကျောင်းတွေမှာလည်း ကြိုတင်ပြင်ဆင်နေကြပါတယ်။

ပညာရေးဌာနက ရုပ်သံလိုင်းကနေ သင်ကြားပို့ချဖို့ စီစဉ်နေချိန်ကတည်းကစပြီး ကျောင်းသူကျောင်းသားတွေ လက်ခံနိုင်မယ့်အခြေအနေကို ပြီးခဲ့တဲ့အပတ်ကစ ကွင်းဆင်း လေ့လာခဲ့ကြပါတယ်။

တချို့ကျောင်းမှာတော့ အခြေခံလူတန်းစား သားသမီးတွေက တီဗွီမရှိတာ၊ အင်တာနက်မရှိတာကို တွေ့ရှိခဲ့လို့ ဒီကနေ့ အစည်းအဝေးမှာ အဆိုပါ ကလေးတွေအနေနဲ့ တပတ်တခါ ကျောင်းမှာ သင်ခန်းစာလာယူပြီး အိမ်ကနေ အိမ်စာလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ချင်းမိုင်ခရိုင် ဆမိန်းမြို့နယ် အစိုးရမူလတန်းကျောင်းမှ ဆရာမတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

အွန်လိုင်းကနေ ပညာသင်ကြားနေတဲ့ ဘန်ကောက် ထမာဆတ်တက္ကသိုလ် ပထမနှစ် ကျောင်းသား ၁ ဦးကတော့ အွန်လိုင်းကနေသင်ယူရတာ အလေ့အကျင့်မရှိလို့ အစပိုင်းမှာ အခက်အခဲဖြစ်ကြောင်း၊ တစ်လကျော်သင်ယူပြီးမှ အသားကျကြောင်းနဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းလုပ်ရတဲ့ လက်တွေ့ သင်ခန်းစာမရှိလို့  ငြီးငွေ့ဖွယ်ကောင်းကြောင်း ဒီဗွီဘီကို ပြောပါတယ်။

အွန်လိုင်းကနေ စာမေးပွဲဖြေရာမှာ အလွတ်ကျက်ပြီး ဖြေရတဲ့ပုံစံမဟုတ်တဲ့အတွက် စာခိုးချတာတွေမရှိဘဲ မေးခွန်းတွေကို အွန်လိုင်းကနေ အချက်အလက်ရှာဖွေဖြေဆိုရပြီး တွေးခေါ်မှု (Thinking Skill ) စွမ်းရည်တွေကို စစ်ဆေးတယ်လို့လည်း ပြောပါတယ်။ 

ကိုးကား -  https://www.nbtc.go.th/News/Information/45206.aspx

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013