Homeမြန်မာသတင်း
ဖျာပုံခရိုင်တွင် သဘာဝဘေးသင့် ပြည်သူများအတွက် ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံရန် စီစဉ်ထား
ဖျာပုံခရိုင်တွင် သဘာဝဘေးသင့် ပြည်သူများအတွက် ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံရန် စီစဉ်ထား
DVB
·
May 5, 2020

ဧရာဝတီတိုင်း၊ ဖျာပုံခရိင်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကျရောက်ခံစားရပါက သဘာဝဘေးဒဏ်ခံစားရတဲ့ ပြည်သူတွေကို ဆန်ရိက္ခာနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ထောက်ပံ့ကူညီသွားဖို့ ပြင်ဆင်ထားတယ်လို့ ဖျာပုံခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက ပြောပါတယ်။
ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး၊ ဆန်ရိက္ခာအတွက် လူတစ်ဦးကို တစ်ရက် ဆန်နို့ဆီဘူး ၂ လုံးစာ ကျပ် ၃၀၀ နှုန်းနဲ့ ၇ ရက်စာ ကျပ် ၂၁၀၀ နှုန်း၊ သဘာဝဘေးအန္တရာယ်ခံစားရလို့ နေအိမ်ပျက်စီးပါက ဝါးဓနိအိမ်ဆို ကျပ် ၁ သိန်း၊ သစ်အိမ်၊တိုက်အိမ်ဆို ကျပ် ၂ သိန်း ထောက်ပံ့ မှာဖြစ်ပါတယ်။
သဘာဝဘေးကြောင့် အသက်ဆုံးရှုံးသွားပါက လူတစ်ဦးကို ကျပ် ၃ သိန်း၊ ဒဏ်ရာရခဲ့ပါက လူတစ်ဦးကို ကျပ် ၅၀၀၀၀ ထောက်ပံ့ကူညီပေးသွားမယ်လို့ ဖျာပုံခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမွန်နိုင်ထွန်းက ပြောပါတယ်။
ဖျာပုံခရိုင်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကျခံစားရပါက အိမ်ထောင်စု ၅၀၀ စာအတွက် ကူညီထောက်ပံဖို့ အသင့်ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် သဘာဝဘေးအရေးပေါ် ခိုလှုံနိုင်ဖို့ ဆိုင်ကလုန်းနားခိုရာနေရာ ၃၇ လုံးနဲ့ နာဂစ်ပြန်လည် ထူထောင်ရေးကာလမှာဆောက်လုပ်ထားတဲ့ ဖျာပုံခရိုင်အတွင်း ကျေးရွာတွေရှိ School Shelter တွေမှာလည်း အရေးပေါ်ခိုလှုံနိုင်အောင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဖျာပုံခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။
ကျော်စိုးမိုး