DVB Logo
Home
လူမှုရေး
ပရဟိတအဖွဲ့နဲ့ စေတနာဝန်ထမ်းအဖွဲ့တို့ရဲ့ စေတနာ
DVB
·
May 4, 2020
ပရဟိတအဖွဲ့နဲ့ စေတနာဝန်ထမ်းအဖွဲ့တို့ရဲ့ စေတနာ
1 / 2
Donate to DVB

အခုတလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နေတာက ‘အမျိုးသားအဆင့် စေတနာဝန်ထမ်းအဖွဲ့’ နဲ့ ပတ်သက်ပြီး ပြောဆို ဝေဖန်ထောက်ရှု ငြင်းဆန်၊ ထောက်ခံနေကြတဲ့အကြောင်းတွေပါပဲ။ ဒီတော့လည်း ပြောစရာရှိတာ လေးတွေ၊ စဉ်းစားမိတာလေးတွေ ရေးလာမိတော့တာပါပဲ။ ပထမဆုံးပြောချင်တာက ဝေါဟာရတွေအကြောင်းပါ။ 

စေတနာဝန်ထမ်းလို့ပဲဆိုဆို၊ ပရဟိတလိုပဲပြောပြော၊ လုပ်အားပေးလို့ပဲသုံးသုံး၊ အာလုံးကတော့ သဘောတရားမှာ သိပ်ကွာလှတာတော့ မဟုတ်ပါဘူး။ အသုံးချတတ်မှုအပေါ်မူတည်ပြီး တန်ဖိုးနဲ့ ယုံကြည်မှုတို့ဟာ ကွာခြားသွားတတ်ပါတယ်။ လုပ်အားကို စေခိုင်းကြတဲ့အထဲမှာ ‘ချွေးတပ်’၊ ပေါ်တာ၊ ‘ရဲဘက်’ ဆိုတဲ့ဝေါဟာရလည်း လုပ် အားနဲ့ဆိုင်တဲ့ အကြောင်းချက်တွေပါ။ ဝေါဟာရတခုပေါ်လာတာဟာ သမိုင်းနဲ့လည်း ဆက်စပ်နေသလို ကျင့်သုံးနိုင်ငံရဲ့ နိုင်ရေးအခံအယူနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်။ ဆိုကြစို့…

‘ချွေးတပ်’ ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက အလွန်ခေတ်စားပြီး အသုံးများခဲ့တာကလား။ ဆရာမောင်ထင်ရဲ့ ‘ငဘ’ ဝတ္ထုဟာ အထင်ကရပဲပေါ့။ မြန်မာအဘိဓာန်မှာတော့ “ဒုတိယကမ္ဘာစစ်အတွင်းက အလုပ်ကြမ်းအလုပ်ခိုင်းရန် အဓမ္မစုဆောင်းသော အလုပ်သမားတပ်” လို့ ဖွင့်ဆိုပါတယ်။ Forced Labour Gang လို့ ဆိုရမှာပါ။ ဖက်ဆစ်တို့ရဲ့ လုပ်အားအပေါ် အလွဲသုံးစားလုပ်မှုတခုပါပဲ။

ဒီလိုပဲ ဒုတိယကမ္ဘာစစ်အတွင်းကစပြီး ခေတ်စားတဲ့ ဝေါဟာရတခုက ‘ပေါ်တာ’ ဆိုတဲ့ ဝေါဟာရပေါ့။ သူက အင်္ဂလိပ်စကား Porter ဆိုတာကို အသံလှယ်ပြီးခေါ်တာ။ မူလအဓိပ္ပာယ်ကတော့ ကူလီပါပဲ။ ‘ဝန်စည်စလယ်တွေကို သယ်ဆောင်တဲ့အလုပ်သမား’ပါပဲ။ မြန်မာနိုင်ငံမှာတော့ ပြည်တွင်းစစ်ကာလတလျှောက်လုံး စစ်ပွဲနယ်မြေမှာရှိတဲ့ ပြည်သူတွေကတော့ အဓိပ္ပာယ်ကိုသိပြီးသားပါ။ သူတို့အသိ သူတို့ကြုံတွေ့ရမှုအရ စစ်လက်နက်ရိက္ခာအတွက် အခမဲ့ ‘အဓမ္မအနိုင်ကျင့်ခေါ်ဆောင်ခံရတဲ့ အလုပ်သမား’ လို့ပဲ သိခဲ့ကြတာပါ။ ချွေးတပ်နဲ့မခြားပါပဲ။ 

နောက်တခုကတော့ “ရဲဘက်” ဆိုတဲ့ဝေါဟာရပဲ။ ဒါက မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှာ ပေါ်လာတဲ့ဝေါဟာရပါ။ ၁၉၆၂ ဇွန်လထဲရောက်တော့ ဂန့်ဂေါ- ပုလဲလမ်းဖောက်ရာမှာ ထောင်ကျတွေရဲ့လုပ်အားကို အသုံးချရေးဆိုပြီး စတင်အသုံးပြုရာကနေ “ရဲဘက်” ဆိုတဲ့ ဝေါဟာရပေါ်လာတာပဲ။ သူတို့ဆောင်ပုဒ်က “ပြစ်မှုကြွေးကို ချွေးဖြင့်ဆပ်မည်” တဲ့။

 ချွေးတပ်၊ ပေါ်တာ၊ ရဲဘက်တို့ကို စာအုပ်ထဲမှာတော့ လုပ်ခပေးသလိုလို ပါရှိပေမယ့် နောက်ပိုင်းတော့ ဘာလုပ်ခမှမရတာကြောင့် သူတို့လည်း ပရဟိတလိုလို စေတနာဝန်ထမ်းလိုလို ထင်မှတ်မှားလာခဲ့ကြတယ်။ ဒါကြောင့် လုပ်အားအလွဲသုံးစားမှုတွေရှိခဲ့တဲ့ ဒီဝေါဟာရသုံးခုအကြောင်း အရင်ရှင်းပြတာပါ။ ပရဟိတ၊ လုပ်အားပေးနဲ့ စေတနာဝန်ထမ်းတွေကြတော့ ဖော်ပြခဲ့တဲ့ ဝေါဟာရတွေနဲ့တော့မတူဘူး။

ပရဟိတကိုတော့ အများအကျိုးသယ်ပိုးခြင်းလို့ပဲ ယေဘုယျပြောကြပါတယ်။ ဘာသာရေးကလာတဲ့ ပါဠိဝေါဟာရပါ။ ကိုလိုနီခေတ်မှာ အလွန်အသုံးများခဲ့ပါတယ်။ ဘာသာရေးအသင်းအဖွဲ့တွေဆီတဆင့် လူမှုရေးအသင်းအဖွဲ့တွေဆီ ကူးစက်လာခဲ့တာ။ အင်္ဂလိပ်ကတော့ Philanthropic လို့ ပြန်ဆိုကြပါတယ်။ အဓိပ္ပာယ်ကတော့ “လူချင်း မေတ္တာထားတာ၊ လူသားများကို ကူညီစောင့်ရှောက်တာတို့ပါပါ”။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အန်ဂျီအိုတခုပါ။  

“လုပ်အားပေး” ဆိုတာကိုတော့ ‘မဆလ’ ခေတ်မှာ စတင်ခေတ်စားခဲ့တဲ့ ဝေါဟာရပါ။ Volunteer အမျိုးအစားတမျိုးပါပဲ။ တပါတီဆိုရှယ်လစ်စနစ်နဲ့အညီ ကျောင်းသားလူငယ်တွေရဲ့ အားလပ်ရက်တွေမှာ အခကြေးငွေမပေးပဲ စေခိုင်းရာကပေါ်လာတာ။ နောက်ပိုင်းမှာတော့ ရပ်ကျေးလူတွေကို မလုပ်မနေရ ခေါ်ခိုင်းစေတဲ့ လုပ်အားပေးတွေဖြစ်လာတယ်။ ပေါ်တာတို့ ချွေးတပ်တို့နဲ့ ထူးမခြားပေါ့။ ပရဟိတအဖွဲ့တွေဖြစ်တဲ့ ကြက်ခြေနီ၊ အရန်မီးသတ်တို့ဟာလည်း အုပ်ချုပ်သူရဲ့ လက်ကိုင်တုတ်အဖြစ် ပြောင်းသွားပြီး ပရဟိတရနဲ့ လုပ်အားပေးအဖွဲ့တွေဟာ မြန်မာလူထုကြားမှာ သိက္ခာကျဆင်းလာခဲ့တယ်။

“စေတနာဝန်ထမ်း” ဆိုတာကလည်း ဘာသာရေးကနေတဆင့် ထွက်ပေါ်လာခဲ့ဝေါဟာရပါ။ ပရဟိတအဖွဲ့တချို့ရဲ့ ကိုယ်ကျိုးရှာမှုတွေကြောင့် သိက္ခာပိုင်းထိခိုက်မှုကို ရှောင်ချင်သူအချို့ကလည်း စေတနာဝန်ထမ်းဆိုတဲ့ ဝေါဟာရကို ပြောင်းသုံးလာကြတာတွေ့ရတယ်။ စေတနာဝန်ထမ်းဆိုတာလည်း Volunteer အမျိုးအစားတခုပါ။ သူကတော့ စေတနာနဲ့တာဝန်တို့ ပေါင်းစပ်ထားတာ။ စေတနာကတော့ “စေ့ဆော်တိုက်တွန်းတတ်သော တရားကိုခေါ်တာပါ။ ကောင်းစေလိုတဲ့စိတ်ရဲ့ စေ့ဆော်တိုက်တွန်းမှုကိုတော့ Good will ပေါ့။ တာဝန်ဆိုတာကတော့ ဝတ္တရား နဲ့ မတူဘူး။ ဝတ္တရားက မလုပ်ချင်လည်း မလုပ်ဘဲ နေလို့ရတယ်။ တာဝန်ဆိုတာကတော့ ရှောင်လွဲမရဘူး။ လုပ်ကို လုပ်ရမယ့်သဘောဆန်ပါတယ်။  

“အမျိုးသားအဆင့် စေတနာဝန်ထမ်းအဖွဲ့” ဆိုတော့ Volunteer သက်သက် NGO သက်သက်မဟုတ်တော့ဘဲ Semi-NGO တပိုင်းတစ အစိုးရမဟုတ်သော အဖွဲ့အစည်းပုံသဏ္ဌန်ဆောင်သွားစေခဲ့ပါတယ်။ တပိုင်းတစကတော့ အစိုးရနဲ့ဆက်စပ်နေတယ်။ ဒီကပ်ရောဂါအတွက် စနစ်တကျ၊ စည်းကမ်းရှိရှိနဲ့ ဖိဖိစီးစီးလုပ်ငန်းအကောင်ထည်ဖော်လို့ရအောင် ဖွဲ့စည်းလိုက်တဲ့ သဘောဖြစ်တယ်။ ဒီလိုအဖွဲ့အစည်းမျိုးက နိုင်ငံတော်လိုအပ်ချက်အရ ဖွဲ့စည်းရတာ ဖြစ်တဲ့အတွက် အချိန်ကာလနဲ့သက်တမ်း ကန့်သတ်ချက်ရှိတတ်ပါတယ်။ သတ်မှတ်တဲ့ သက်တမ်းကုန်တာနဲ့ ဖျက်သိမ်းကြရတာပါ။

ပရဟိတအဖွဲ့တွေကတော့ အမျိုးအစားပေါ်မူတည်ပြီး ကာလစည်းကမ်း သတ်မှတ်ချက် မရှိတတ်ပါဘူး။ လုပ်ချင်တဲ့အချိန်ကို လုပ်ချင်စိတ်ရှိတဲ့သူက ဘယ်သူမှမစေခိုင်းရဘဲ ကိုယ့်စိတ်ဆန္ဒနဲ့ ပါဝင်လုပ်ဆောင်ကြတာပါ။ တချို့က ဘာသာရေးအသွင်ဆောင်ချင်ဆောင်မယ်။ တချို့က နိုင်ငံရေးအသွင်ဆောင်ချင်ဆောင်မယ်။ တချို့ကြတော့ တကယ့် လူမှုရေးရိုင်းပင်းစိတ်နဲ့ လုပ်ကြတာလည်းရှိပါတယ်။

ဒါကြောင့် ပရဟိတအဖွဲ့တွေလည်း ရှင်သန်သင့်သလို စေတနာဝန်ထမ်းဆိုတာလည်း ကပ်ရောဂါကာလမှာ အမှန်တကယ်လိုအပ်နေတာပါ။ နှစ်မျိုးစလုံးဟာ လိုအပ်ချက်တခုဖြစ်တဲ့အတွက် တဖွဲ့နဲ့တဖွဲ့ အားပြိုင်မနေကြဘဲ စေတနာအရင်းခံထားလို့ အတူတွဲလုပ်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013