DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် တရုတ်မှ တရားမဝင်တင်သွင်းသည့် ဆားနယ်ဝက်အူ  ၅ တန်ကျော် ဖမ်းမိ 
DVB
·
October 22, 2026
Photo: Police TV
Photo: Police TV
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက် ဘန်ခွန်ထဲန်းနယ်မြေထဲမှာ တရုတ်နိုင်ငံကနေ တရားမဝင် တင်သွင်းလာတဲ့ ဆားနယ်ဝက်အူ အလေးချိန် ၅,၀၀၀ ကီလို (၅ တန်) ကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဘန်ခွန်ထိန်းနယ်မြေ စမဲဒမ်အုပ်စု ချိန်းထလေးရပ်ကွက် ပင်လယ်ကမ်းခြေအနီးမှာ သံသယရှိစရာ အသားသိုလှောင်ရုံတခုရှိကြောင်း တိုင်တန်းချက်ရတာကြောင့် CIB ထိုင်းဗဟိုရဲတပ်ဖွဲ့နဲ့ တိရစ္ဆာန်မွေးမြူရေးဦးစီးဌာနက တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၂၁ ရက်က သွားရောက် စစ်ဆေးခဲ့ကြတယ်။

ဂိုဒေါင်ထဲမှာ အပြာရောင် ဂါလန်ပုံးပေါင်း ၃၆ လုံး တွေ့ရှိပြီး အထဲမှာ ဆားနယ်ထားတဲ့ ဝက်အူတွေ ထည့်ထားတယ်။ တပုံးကို ဝက်အူအလေးချိန် ၁၄၀ ကီလိုဂရမ် ပါရှိတာကြောင့် စုစုပေါင်း ၅,၀၄၀ ကီလိုဂရမ် (၅ တန်) ကျော်၊ ကာလတန်ဖိုး ဘတ် ၅၀၄ ,၀၀၀ ရှိတယ်။

စစ်ဆေးချက်အရ အဆိုပါ ဆားစိမ်ဝက်အူချောင်းတွေကို ဘန်ကောက်နဲ့ တခြားခရိုင်ရှိ စားသောက်ဆိုင်တွေဆီ အွန်လိုင်းအော်ဒါနဲ့ ဖြန့်ဖြူးရောင်းချနေတာ ဖြစ်တယ်။ ဂိုဒေါင်တွင်း သိုလှောင်ထားရှိမှု  သန့်ရှင်းမှုမရှိ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် တရုတ်ပြည်ကနေ တရားမဝင် တင်သွင်းလာတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ အဆိုပါပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ပြီး စားသုံးသူများကာကွယ်ရေး ရဲတပ်ဖွဲ့ထံ ဆက်လက်လွှဲပြောင်း ပေးအပ်လိုက်တယ်၊ ပစ္စည်းပိုင်ရှင်နဲ့ ဂိုဒေါင်ငှားရမ်းပေးသူကိုလည်း ဆက်လက်စုံစမ်းရှာဖွေပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ အသားငါးတွေကို ခွင့်ပြုချက်မရှိဘဲ တရားမဝင် တင်သွင်းလာပါက ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၂၀၀,၀၀၀ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ချမှတ်ခံရမှာဖြစ်တယ်၊ ဒါ့အပြင် အကောက်ခွန်ဆိုင်ရာ ဥပဒေအရ တရားမဝင် ကုန်ပစ္စည်းသိုလှောင်မှု၊ ဖြန့်ဖြူးမှု၊ လက်ခံမှု စတဲ့ ဆက်စပ်ဥပဒေတွေနဲ့ပါ အရေးယူခံရမှာလို့  သတင်းမှာ ဖော်ပြပါတယ်။

Source: Police TV

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013