DVB Logo
Home
ကျန်းမာရေး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အမျိုးသားနဲ့ အမျိုးသမီး ကွာခြားချက်ရှိသလား……………
DVB
·
May 1, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အမျိုးသားနဲ့ အမျိုးသမီး ကွာခြားချက်ရှိသလား……………
Donate to DVB



ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာထားတဲ့ COVID_19 ဟာ လူတွေရဲ့ နေ့စဉ်ဘဝကိုတော်တော်လေး သက်ရောက်မှု များလာပါတယ်။ ဒီသက်ရောက်မှုကြောင့် လိုက်နာလုပ်ဆောင်ရတာတွေကလည်း အများကြီးပါ။ နေ့စဉ် တစ်ကိုယ်ရေ သန့်ရှင်းရေးကစလို့ သွားလာမှုတွေကအဆုံး အကုန်လုံးကို ဂရုစိုက်နေရပါတယ်။

ဒီလို ဂရုစိုက် လုပ်ဆောင်မှုတွေထဲကမှ COVID_19 ရဲ့ နောက်ဆုံးရသတင်းတွေကို လိုက်လံဖတ်ရှုတာလည်း ပါမယ် ထင်ပါတယ်။ အခုတစ်ခေါက်တော့ COVID_19 နဲ့ပတ်သက်တဲ့ သတင်းတစ်ခုဖြစ်တဲ့ COVID_19 ကအမျိုးသား နဲ့ အမျိုးသမီးတို့အပေါ်မှာ သက်ရောက်မှု ကွာခြားသလားဆိုတဲ့ အကြောင်းလေးကို ပြောပြပေးပါရစေ။

မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်



ဒီလေ့လာမှုအတွက် တစ်လုံးက နိုင်ငံတွေကို လေ့လာခဲ့တာ မဟုတ်ပေမယ့် နိုင်ငံပေါင်း ၂၀ ခန့်က ရလဒ်တွေကို သေချာစိစစ်ထားတာ ဖြစ်ပါတယ်။ လေ့လာမှုအရ သိရတာက ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ အမျိုးသား နဲ့ အမျိုးသမီး​ကြားမှာ ကွာခြားချက် ရှိတယ်ဆိုတာပါ။



ကိုဗစ် စတင်ခဲ့တဲ့ တရုတ်နိုင်ငံ အပါအဝင် ဧပြီလ ၂၀ ရက်နေ့အထိ ရရှိထားတဲ့ အီတလီ၊ စပိန်တို့လိုမျိုး အသေအပျောက်များတဲ့ နိုင်ငံတွေက သေဆုံးမှုစာရင်းတွေအရ COVID_19 ကူးစက်ခံရသူတွေ နဲ့ ရောဂါကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။

တကယ်တော့ ဒီ COVID_19 မှ မဟုတ်ပါဘူး။  တချို့သော ရောဂါတွေမှာလည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေ မြင့်မားပါတယ်။ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်ကြတဲ့ ဆီးချို၊ သွေးတိုးလိုမျိုး ရောဂါတွေကြောင့် သေဆုံးရသူ အရေအတွက်မှာလည်း အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ပိုများပါတယ်။ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရလည်း COVID_19 ​ကြောင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေ မြင့်နေတယ်ဆိုတာကို တွေ့ရပါတယ်။

ဘာကများ ဒီလိုဖြစ်စေတာလဲ……………


တကယ်ကတော့ စားသောက်ပုံချင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပုံချင်း တူပါရက် အမျိုးသားတွေက အမျိုးသမီးတွေထက် ရောဂါ ကူးစက်ခံရနိုင်​ခြေ ထိခိုက်သေဆုံးနိုင်ခြေ များနေရတာက အမျိုးသမီးတွေရဲ့ ကိုယ်ခံအားက အမျိုးသားတွေထက် တုံ့ပြန်မှုအားပိုကောင်းတတ်ကြလို့ပါ။

အမျိုးသမီးတွေရဲ့ ကိုယ်ခံအားက ကိုယ်တွင်းကို ရောဂါပိုး တစ်ခုခုဝင်ရောက်လာတဲ့အခါ မြန်မြန်ဆန်ဆန် တုံ့ပြန်တိုက်ခိုက်လေ့ရှိပါတယ်။ ရောဂါပိုးကို ပြင်ဆင်ချိန်မပေးပဲ မြန်မြန်ဆန်ဆန်တိုက်ခိုက်တဲ့ သဘောပေါ့။ အမျိုးသားတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုကတော့ အဲ့ဒီလာက် မမြန်ဆန်ကြပါဘူး။ အမျိုးသားတွေရဲ့ ကိုယ်ခံအားက ကိုယ်တွင်းကို ရောဂါပိုးတစ်ခုခုဝင်လာပြီဆိုရင် ခုခံတိုက်ထုတ်ဖို့အတွက် အချိန်ယူတတ်ကြပါတယ်။

တကယ်ကတော့ ကိုယ်ခံအားစနစ်က အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာရော အရာအားလုံးနီးပါးက ခပ်ဆင်ဆင်ပဲဆိုပေမယ့် အလုပ်လုပ်တဲ့ ပုံစံချင်း အနည်းငယ် ကွာခြားနေပါတယ်။ အဓိက ကွာခြားစေတဲ့ အကြောင်းအရင်းကတော့ အမျိုးသားနဲ့ အမျိုးသမီးကြားက မျိုးဗီဇ ကွာခြားချက်နဲ့ Sex hormones တွေကြောင့်ပါ။ ဒီအချက်က ရောဂါကူးစက်ခံရနိုင်ခြေနဲ့ တုံ့ပြန်မှုအပေါ်မှာ အများကြီး သက်ရောက်နေတဲ့ အချက်ပါ။

အမျိုးသားတွေက ပိုထိခိုက်ခံစားရတဲ့ အကြောင်းအရင်း ကဘာများလဲ………….


ရောဂါပိုး ကူးစက်ခံရတာခြင်း အတူတူ COVID_19 က အမျိုးသားတွေမှာ ပိုဆိုးရတာက အမျိုးအသား အမျိုးသမီး လိင်ကွာခြားမှုကြောင့်ပါ။ ကျွမ်းကျင်သူတွေကတော့ sex chromosomes နဲ့ sex hormones ကွာခြားမှုက ကိုယ်ခံအား ခုခံတုံ့ပြန်မှုအပေါ်မှာ သက်ရောက်နေတယ်လို့ သုံးသပ်ထားကြပါတယ်။

အမျိုးသမီးတွေရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးတွေ အပေါ်မှာရော ကာကွယ်ဆေးတွေအပေါ်မှာပါ တုံ့ပြန်မှု မြန်ဆန်ကြပါတယ်။ ယခင်က ဖြစ်ပွားခဲ့ဖူးတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေအပေါ်မှာလည်း အမျိုးသမီးတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုက ပိုမိုမြန်ဆန်ပါတယ်။ လေ့လာမှုရလဒ်တွေအရကတော့ အမျိုးသမီးတွေမှာ ရှိနေတဲ့ estrogen ဟော်မုန်းက ကိုယ်ခံအား တုံ့ပြန်မှုအပေါ်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာပါ။

ဒီဟော်မုန်းအပြင် အမျိုးသား တော်တော်များများ လုပ်မိတတ်တဲ့ အလေ့အထတွေ ဖြစ်ကြတဲ့ ဆေးလိပ်သောက်တာနဲ့ အရက်သောက်သုံးတာတွေကလည်း ကိုယ်ခံအားအပေါ်မှာ သက်ရောက်မှုဖြစ်စေပါတယ်။ ဒါကလည်း ရောဂါဖြစ်ပွားတဲ့အခါ အမျိုးသားတွေမှာ ဖြစ်ပွားမှုနှုန်း မြင့်ရခြင်း နဲ့ သေဆုံးမှုနှုန်းမြင့်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေပါ။

နှလုံးသွေးကြော ဆိုင်ရာ ရောဂါတစ်ခုခုရှိနေမယ်။ ဆီးချိုရောဂါ ရှိနေမယ်၊ သွေးတိုးရောဂါ ခံစားနေရမယ်၊ နာတာရှည် အဆုတ်ရောဂါ အခံတစ်ခုခု ရှိနေမယ်ဆိုရင်လည်း လက်ရှိမှာ ဖြစ်ပွားနေတဲ့ COVID_19 ကြောင့် သေဆုံးနိုင်ခြေ မြင့်တက်နေပါတယ်။

အကောင်းဆုံးကတော့ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အပြင်ကပြန်လာတိုင်း လက်ဆေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာ၊ လူစုလးဝေးရှောင်တာနဲ့ အာဟာရပြည့်ဝအောင်စားသုံးပြီး လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိလို့ ရောဂါကို ကာကွယ်ပါလို့ အကြံပြုပါရစေ။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 



ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013