DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင်  ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များ  ရက်ထပ်မံတိုးမြှင့်
DVB
·
April 30, 2020
ဧရာဝတီတိုင်းတွင်  ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များ  ရက်ထပ်မံတိုးမြှင့်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ဧရာဝတီတိုင်းအတွင်း ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်နဲ့ ညွှန်ကြားချက်တွေကို မေလ ၁၅ ရက်အထိ ရက်ထပ်မံတိုးမြှင့်ကြောင်း တိုင်းဒေသကြီးအဆင့် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီက ဧပြီလ ၃၀ ရက်မှာ အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ခရီးသွားယာဉ်လိုင်းတွေကို ၁၅ ရက်နေ့အထိ ပိတ်ထားဖို့နဲ့ ချောင်းသာ ငွေဆောင် ရွှေသောင်ယံ ဂေါ်ရန်ဂျီကမ်းခြေဒေသတွေအပါအဝင် တိုင်းအတွင်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနဲ့ Inn တွေ ပိတ်ထားဖို့ ရက်တိုးမြှင့်တာတွေနဲ့ အခြားအမိန့် ညွှန်ကြားချက်တွေလည်း ပါဝင်လာပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး "ကျနော်တို့ ကိုဗစ်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာ၊ နောက်ဆုံး ၂၉ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက် ၁၀ ခုကို မေလ ၁၅ ရက်နေ့ထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ ရုင်ရှင်ရုံတွေ၊ ဗီဒီယိုရုံတွေ၊ ကာရာအိုကေဆိုင်တွေ၊ စင်တင်ဖျော်ဖြေ ရေးဆိုင်တွေနဲ့ Beauty Spa ဆိုင်တွေကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်ပိတ်ထားမှာ ဖြစ်သလို တန်ခိုးကြီးဘုရားတွေနဲ့ စေတီပုထိုးတွေ ဖူးမြော်ခွင့်ကိုလည်း မေလ ၁၅ ရက် အထိ တိုးမြှင့်ပိတ်ထားမှာဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင်တိုင်းဒေသကြီးအတွင်း ခရီးသွားလာတာတွေအတွက် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ခရီးသွားထောက်ခံချက်ယူဆောင်လာဖို့နဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေက ခရီးသွားဝင်ရောက်သူတွေအနေနဲ့ မိမိတို့ သွားရောက်ခဲ့တဲ့ သက်ဆိုင်ရာ မြို့နယ်တွေက ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ခရီးသွားထောက်ခံချက် ယူဆောင်လာဖို့လည်း တိုက်တွန်းထား ပါတယ်။

တိုင်းအတွင်း လူထုတွေ့ဆုံပွဲတွေ ဘာသာရေးဆိုင်ရာပွဲတော်တွေ Mobile Service Delivery လုပ်ငန်းတွေ၊ လူစုလူဝေးနဲ့ ကျင်းပတဲ့ အခမ်းအနားတွေ ပွဲလမ်းသဘင်တွေ ကျင်းပတာကို မေလ ၁၅ ရက်အထိ ပိတ်ထားဖို့နဲ့ စည်ပင်လက်အောက်ခံစျေးတွေက အခြေခံစားသောက်ကုန်နဲ့ ဆေးဆိုင်တွေကလွဲပြီး အခြားစျေးဆိုင်တွေကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်ပိတ် ထားမှာဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေရဲ့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားထောက်ခံစာပါမလာသူတွေကို မြို့ထဲနဲ့ ကျေးရွာထဲ ပေးမဝင်တာမျိုးတွေရှိပြီး ပြန်လွှတ် တာမျိုးတွေလည်း ရှိတယ်လို့ ခရီးသွားလာသူတွေထံက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ည ၁၀ နာရီမှ နောက်နေ့မနက် ၄ နာရီအထိ အပြင်မထွက်ဖို့ အမိန့်ကို မလိုက်နာလို့ အရေးယူထားရသူ ၁၈၀ ဦးရှိတယ်လို့  တိုင်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက ပြောပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013