
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်သူများလာတဲ့အတွက် လမ်းဘေးအစားအစာ ရောင်းချခွင့်ကို ယာယီပိတ်ထားဖို့ စစ်အာဏာရှင်အုပ်ချုပ်ရေးအဖွဲ့တွေက ပြောထားပေမဲ့ မြို့နယ်တိုင်းနဲ့ သက်ဆိုင်မှုရှိ၊ မရှိ မသိရလို့ အခက်တွေ့ရတယ်လို့ ဈေးရောင်းချသူတချို့က ပြောပါတယ်။
မြို့လယ်က ပုစွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် မြို့နယ်က လမ်းဘေးဈေးသည်တွေကိုတော့ ၃ ရက်ကနေ ၅ ရက်အထိ ယာယီပိတ်ထားဖို့ အုပ်ချုပ်ရေး အဖွဲ့တွေက ပြောထားပါတယ်။
လသာမြို့နယ်မှာ လမ်းဘေး အစားအစာရောင်းချသူတယောက်က “လသာမှာဆို ၁၇ လမ်းက နာမည်ကြီး ဝက်သားတုတ်ထိုးတွေ၊ ရှမ်းခေါက်ဆွဲဆိုင်တွေ၊ ပြီးတော့ လမ်းဘေးက ဆိုင်တွေ၊ အကုန်လုံး ၁၃ ရက်နေ့ ညကစပြီး မဖွင့်ခိုင်းတော့ဘူး။ လမ်းမတော်ကတော့ ဒီကနေ့(ဩဂုတ် ၁၄)မှစပြီး လိုက်ကြေညာတာ၊ ၅ ရက် မဖွင့်ရဘူးတဲ့။ အခုဟာက ဘာလဲဆိုတော့ တချို့ဆိုင်တွေကျတော့ ၃ ရက် ပိတ်ခိုင်းတယ်၊ တချို့ဆိုင်တွေကျတော့ ၅ ရက်ပိတ်ရမယ်တဲ့။ လမ်း ၂၀ ထဲက ဆန်ပြုတ်ဆိုင်တို့ ဘာတို့ကျတော့ အပြင်မှာ ဆိုင်ခုံမထုတ်တော့ဘူး၊ အိမ်ထဲပဲ။ အိမ်ဆိုင်တချို့ကျတော့လည်း ဖွင့်နေတုန်းပဲ၊ ဘာလုပ်ရမှန်းကို မသိတော့တာ” လို့ ပြောပါတယ်။
ပြန်လည်ရောင်းချရမဲ့အချိန်ကို ရောဂါအခြေနေပေါ်မူတည်ပြီး ထပ်မံအသိပေးသွားမယ်လို့ အုပ်ချုပ်ရေး အဖွဲ့တွေက ပြောထားတယ်လို့ ဈေးသည်တွေက ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က တခြားမြို့နယ်တွေမှာ တိကျသေချာတဲ့ ကြေညာချက်မျိုး မရှိသေးတဲ့ အတွက် မြို့နယ်တချို့မှာ ဒီနေ့အထိ လမ်းဘေးအစားအစာ ရောင်းချတာတွေရှိနေသေးတာကို တွေ့ရပါတယ်။
စမ်းချောင်းမြို့နယ်အတွင်း နံနက်ခင်းအသုပ်စုံရောင်းချသူ အမျိုးသမီးတယောက်က “မနက်က ဗားကရာဘက်မှာတော့ လိုက်အော်တယ် ပြောတယ်။ ကျမတို့ဘက်တော့ မလာသေးဘူး။ မပြောသေးတော့ ဆက်ရောင်းတယ်။ အခုက ရက် ၁၀၀ နဲ့တင် ဈေးသည်တွေက အခုထိ ပြေးလိုက်လွှားလိုက်။ ပစ္စည်းတွေ အသိမ်းခံလိုက်ရ၊ ဆိုင်ပိတ်လိုက်ရနဲ့ ဒုက္ခတွေ တသီကြီး။ အခု ကျန်းမာရေးအရပါ ပါလာပြန်တော့ မတတ်နိုင်ဘူး၊ ထပ်ပြီး ကြပ်တည်းရဦးမှာပဲ” လို့ ပြောပါတယ်။
မြို့တော်စည်ပင်သာယာဌာနမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတယောက်ကတော့ လက်ရှိအချိန်အထိ အတင်းအကြပ်လုပ်နေတဲ့ အစီအစဉ်မရှိသေးဘူးလို့ ဝမ်းရောဂါထိန်းသိမ်းရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြတယ်။
“အတင်းအကြပ်တော့ မလုပ်သေးပါဘူး။ ဒီမနက်ဆို ဗိုလ်တထောင်ထိကို လမ်းဘေးဈေးသည် တွေ မထွက်ဖို့ တားတယ်။ ဗိုလ်တထောင်ကိုမှ ပန်းဆိုးတန်းနဲ့ ကပ်နေတဲ့အခြမ်းပေါ့။ ဟိုဘက်တွေ မပါသေးဘူး။ ရန်ကုန် တတိုင်းလုံးတော့ အတိအကျ ထုတ်ပြန်ထားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဖြစ်နေတဲ့နေရာတွေ၊ မြို့နယ်တွေကိုတော့ တဆင့်ချင်းစီလိုက်ပြီး တားမြစ်တာပေါ့” လို့ ပြောပါတယ်။
ရန်ကုန်က ပြည်သူ့ဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ ဒီလ ၁၂ ရက် ညနေ ၃ နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသနေသူ စုစုပေါင်း ၁၈၂ ယောက် ရှိပြီး ပိုးတွေ့ရှိသူ ၉၃ ယောက်၊ ရောဂါပျောက်လို့ ဆေးရုံဆင်းခွင့်ရသူ ၁၁ ယောက် ရှိတယ်လို့ စစ်အာဏာရှင်ရဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရန်ကုန်စည်ပင်သာယာဌာနကလည်း မြို့ကိုရေပေးဝေနေတဲ့ ရေပိုက်လိုင်းတွေအတွင်း ပိုးသတ်ဆေးတွေ ထည့်ပေးနေတယ်လို့ ပြောထားပါတယ်။











