DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အမှိုက်မပစ်ရ ညွှန်ကြားချက်ထုတ်ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့များ ဝင်ငွေကောင်း
DVB
·
June 25, 2024
ရန်ကုန်တွင် အမှိုက်မပစ်ရ ညွှန်ကြားချက်ထုတ်ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့များ ဝင်ငွေကောင်း
Donate to DVB

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၈ မြို့နယ်က ရေမြောင်း၊ မြစ်နဲ့ ချောင်းထွက်ပေါက်တွေမှာ အမှိုက်စွန့်ပစ်ရင် ဒဏ်ငွေဆောင်ရမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးတွေ ဝင်ငွေကောင်းလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ လသာ၊ လမ်းမတော်၊ ပုဇွန်တောင်၊ ဒဂုံ၊ ရန်ကင်း၊ ဒလ၊ ဆိပ်ကြီးခနောင်တိုနဲ့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ ရေမြောင်း၊ မြစ်နဲ့ ချောင်းထွက်ပေါက်တွေမှာ အမှိုက်စွန့်ပစ်ပါက ဒဏ်ငွေ ၅၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး မပေးနိုင်ပါက ထောင် ၃ လ ကျခံရမယ်လို့ မြို့တော်စည်ပင်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“ဇွန်လ ၂၁ ရက်က စာထုတ်တာ၊ မိုးရွာရင် လမ်းပေါ်မှာ ရေကြီးရေလျှံမှုတွေဖြစ်တော့ စည်ပင်က ဘာမှမလုပ်တတ်ဘူး၊ မြို့တော်ဝန်က ဒီလိုစာထုတ်လိုက်ရင် အမှိုက်ပစ်တဲ့သူ နည်းသွားမယ်၊ ပစ်ရင် ဒဏ်ငွေဆောင်ရမယ်၊ မဆောင်နိုင်ရင် ထောင် ၃ လ ချမယ်ဆိုပြီး လုပ်တာ။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် ခွင်ဖန်တီးပေးလိုက်သလို ဖြစ်သွားတယ်။”

မြို့တော်စည်ပင်က စာမထုတ်ပြန်ခင်ကတည်းက စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးကာ ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ဒဏ်ရိုက်လေ့ရှိပြီး စာထွက်လာတဲ့အခါ ဥပဒေနဲ့ ခြိမ်းခြောက်ကာ ငွေကြေးပိုမိုတောင်းယူတော့မယ်လို့ လှိုင်သာယာမြို့ခံတဦးက DVB ကို ပြောပါတယ်။

“ကျနော်နေတဲ့ရပ်ကွက်မှာ စူလတန်ချောင်းရှိတယ်။ ၂ ရပ်ကွက်နဲ့ ၁၅ ရပ်ကွက် ကြားမှာရှိတာ။ အဲဒီနားမှာ မသိလို့ အမှိုက်ပစ်မိရင်တောင် အုပ်ချုပ်ရေးအဖွဲ့တွေကခေါ်ပြီး ဒဏ်ရိုက်တာ။ အခုလို စာထွက်တော့ အုပ်ချုပ်ရေးမှူးတွေ ဝင်ငွေတိုးသွားတာပေါ့။”

ရန်ကုန်မြို့မှာ ​မိုးတွင်းကာလ အမှိုက်တွေပိတ်ဆို့ပြီး ရေတက်ရတာဟာ စည်ပင်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ရေစီးရေလာကောင်းအောင် အမှိုက်တွေရှင်းလင်းတာ၊ မြောင်းဖော်တာတွေ မလုပ်လို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးဟောင်းတဦးက DVB ကို ပြောပါတယ်။

“အရင်အစိုးရလက်ထက်က စနေ၊ တနင်္ဂနွေနေ့တွေမှာ အုပ်ချုပ်ရေးရော ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရော ရေစီးရေလာကောင်းအောင် ဒိုက်ဖော်တာတွေ၊ ဖုံးသွန်လဲစစ် လုပ်တာရှိတယ်။ စစ်တပ်အာဏာသိမ်းပြီး ဘယ်သူမှမလုပ်ဘူး။ ကြုံတဲ့သူက ဒဏ်ငွေရိုက်ဖို့ပဲလုပ်တာ။ ပြဿနာက ဒဏ်ငွေရိုက်ရုံနဲ့ မပြီးသွားဘူး။”

ဒီလိုအဖွဲ့အစည်းတွေက ရေမြောင်း၊ မြစ်နဲ့ ချောင်းထွက်ပေါက်တွေမှာ ပိတ်နေတဲ့ အမှိုက်တွေကို မဖယ်ရှားတာကြောင့် ရန်ကုန်မှာ မိုးသည်းထန်စွာရွာသွန်းပါက ကားလမ်းအထိ ရေတက်တာတွေနဲ့ ကြုံနေရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013