DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့က ဈေးဆိုင်ခန်းပေါင်း ၁၃၅၀ ကို  ကန်သာယာသို့  ပြောင်းရွှေ့
DVB
·
April 30, 2020
မုံရွာမြို့က ဈေးဆိုင်ခန်းပေါင်း ၁၃၅၀ ကို  ကန်သာယာသို့  ပြောင်းရွှေ့
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က ဈေးတွေဖြစ်တဲ့ သံလမ်းဈေး၊ မိတ်ဆက်ဈေး၊ အခွန်လွတ်ဈေးတွေက ဈေးဆိုင်ခန်းပေါင်း ၁၃၅၀ ကို ဧပြီ ၃၀ ရက်က စတင်ပြီး ပြည်ထောင်စုလမ်းဘေး ဝဲယာနဲ့ ကန်သာယာပတ်လမ်းတွေကို ပြောင်းရွှေ့လိုက်ပါတယ်။

အခုလို ပြောင်းရွှေ့တာဟာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ခပ်ခွာခွာနေကြဖို့ Social Distancing အတွက် ဆောင်ရွက်တာဖြစ်တယ်လို့ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌက ဦးကျော်မျိုးဝင်းက ပြောပါတယ်။

"ဒါကတော့ COVID-19  ကာကွယ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းပေါ့။ ပြည်သူတွေလည်း လိုက်နာကြပါတယ်။ ဈေးသည်တွေလည်း လိုက်နာကြပါတယ်။ အကောင်းဆုံးအခြေအနေ ရောက်မှာပါ။ ကျန်တဲ့ပြောင်းရွှေ့ဖို့ကျန်နေသေးတဲ့ ဈေးဆိုင်တွေကိုလည်း ဆက်လက်ပြောင်းရွှေ့ဖို့ လုပ်ဆောင်သွားမှာပါ။"

ဈေးတွေကို မနက်အစောပိုင်းကစတင်ကာ ရဲအင်အား ၅၀ ဝန်းကျင်အသုံးပြုပြီး ပြောင်းရွှေ့စေခဲ့တာပါ။ 

တခြားဈေးတွေဖြစ်တဲ့ မန်ကျည်းပင်ဈေး၊ သာစည်ဈေးတွေကိုတော့ ပြောင်းရွှေ့မှာမဟုတ်ဘဲ Social Distancingဖြစ်အောင် ကြပ်မတ်သွားမယ်လို့ ဆိုပါတယ်။ 

ဈေးတွေကို ကုန်စိမ်းဈေး၊ ပန်းဈေး၊ သစ်သီးဝလံဈေး၊ အသားငါးဈေး၊ ကုန်ခြောက်ဈေး၊ ငုံဥ ဘဲဥ ကြက်ဥ စတဲ့ အမျိုးအစား ၇ မျိုးသတ်မှတ်ပြီး ရောင်းချစေတာဖြစ်ပါတယ်။ အခုလို နေရာပြောင်းရွှေ့ရောင်းချစေတဲ့အပေါ်မှာတော့ အခက်အခဲအနည်းငယ်ရှိတယ်လို့ ဟင်းသီး ဟင်းရွက်ရောင်းချသူ တဦးက ပြောပါတယ်။

"နေရာကတော့ ကျယ်ကျယ်ဝန်းဝန်းရောင်းရတယ်။ ဒါပေမယ့် ဘယ်ဟာမှာ အခက်အခဲဖြစ်သွားလဲဆိုတော့ မိတ်ပေါ့။ ကိုယ့်ဆီမှာ ဝယ်နေကျ ဖောက်သည်တွေက ကိုယ်ဘယ်နားဖွင့်မှန်းမသိတဲ့ကိစ္စပေါ့။ နေရာသစ်ဆိုတော့ မိတ်‌သစ်ရှာရသလိုဖြစ်တာပေါ့။ အဲဒါပါပဲ တခြားတော့ ကြီးကြီးမားမား အခက်အခဲမရှိပါဘူး။"လို့ အခွန်လွတ်ဈေးက ပြောင်းရွှေ့လာတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။

ယာယီဈေးမှာဈေးအဝင် လက်ဆေးဖို့၊ နှာခေါင်းစည်းတပ်ပြီးမှ ဝယ်ယူ ရောင်းချဖို့ သတိပေးဆိုင်းဘုတ်တွေလည်း ချိတ်ဆွဲထားပါတယ်။

ဈေးအတွင်း နှာခေါင်းစည်းတပ်သူ များပေမယ့် ပါးစပ်၊ နှာခေါင်းအုပ်တာနည်းပြီး မေးစေ့ပေါ် တပ်တာများနေလို့ စည်းကမ်းလိုက်နာဖို့ ပညာပေးအနေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စည်ပင်သာယာက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013