
ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်က အင်ဂျင်နီယာကျောင်းသားတယောက်ဟာ သေဆုံးသွားခဲ့ပြီးနောက် တခြားဝေဒနာရှင်တွေကို ကူညီပေးနိုင်ဖို့အတွက် သူ့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ မျက်ကြည်လွှာတွေကို လှူဒါန်းခဲ့တဲ့အကြောင်း Khaosod သတင်းမှာ ဇွန် ၂၈ ရက်က ဖော်ပြပါတယ်။
ခုလို လှူဒါန်းမှုဟာ သေဆုံးသူရဲ့ ဆန္ဒအရ ကျန်ရစ်သူ မိသားစုက ဖြည့်ဆည်းပေးခဲ့တာ ဖြစ်တယ်လို့ ထိုင်းကြက်ခြေနီအသင်းက ဆိုပါတယ်။
နောင်တောင်လို့ လူသိများတဲ့ နော့ဖာဝစ်ဆီရိဝါဆနာကတ် အမည်ရတဲ့ အဆိုပါ ကျောင်းသားဟာ ပထမနှစ် အင်ဂျင်နီယာကျောင်းသားတယောက် ဖြစ်သလို သူ့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ မျက်ကြည်လွှာတွေကို လှူဒါန်းဖို့ အရင်ကတည်းက ဆန္ဒပြုထားခဲ့တာလို့ သိရပါတယ်။
တချိန်တည်းမှာပဲ ပရင့်စ်အော့ဖ်ဆောင်းခလာတက္ကသိုလ် (PSU) ရဲ့ သရုပ်ပြ အထက်တန်းကျောင်းကလည်း သူတို့ကျောင်းရဲ့ ကျောင်းသားဟောင်း နော့ဖာဝစ် ကွယ်လွန်သွားခဲ့ရမှုအပေါ် ဝမ်းနည်းကြောင်း သီးခြားသတင်း ထုတ်ပြန်ခဲ့ပါတယ်။
နော့ဖာဝစ်ဟာ မတော်တဆထိခိုက်မှုတခု ဖြစ်ပွားခဲ့ပြီးနောက် စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ကာ နောက်ပိုင်းမှာ ဦးနှောက်သေဆုံးသွားခဲ့တာလို့ အဆိုပါကျောင်းက ဆိုပါတယ်။
ကျောင်းရဲ့ ထုတ်ပြန်ချက်အရ နော့ဖာဝစ်ရဲ့ နောက်ဆုံးလုပ်ဆောင်ချက်ဟာ တခြားသူတွေအတွက် မျှော်လင့်ချက်နဲ့ ဘဝသစ်ကို ပေးစွမ်းနိုင်ခဲ့ပြီး လူ့အဖွဲ့အစည်းအတွက် ပံ့ပိုးကူညီမှုတခု ဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Source: Khaosod











