DVB Logo
Home
မြန်မာသတင်း
မေလလယ်အထိ ယခုအတိုင်း ကာကွယ်ထိန်းချုပ်ပါက ရောဂါကူးစက်မှု မကြီးမားနိုင်ဟု ကျန်းမာရေးဝန်ကြီးပြော
DVB
·
April 26, 2020
မေလလယ်အထိ ယခုအတိုင်း ကာကွယ်ထိန်းချုပ်ပါက ရောဂါကူးစက်မှု မကြီးမားနိုင်ဟု ကျန်းမာရေးဝန်ကြီးပြော
Donate to DVB

အနည်းဆုံး လာမယ့်မေလလယ်လောက်အထိ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို အခုအခြေအနေအတိုင်း ပိုင်ပိုင်နိုင်နိုင် ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုရင် ရောဂါကူးစက်ပျံ့နှံ့ဖြစ်ပွားတာ ကြီးကြီးမားမား ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ယူဆကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဒီနေ့ ဧပြီ ၂၆ မှာ ရရှိတဲ့ စာရင်းဇယားတွေအရ အသွားအလာစောင့်ကြပ်ကြည့်ရှုတဲ့ နေရာပေါင်း ၇,၀၂၀ နေရာလောက်ရှိပြီး  စုစုပေါင်း အသွားအလာစောင့်ကြပ်ကြည့်ရှုခံရသူ ၄၂,၆၇၁ ယောက်လောက် ရှိနေသေးတယ်ဆိုတဲ့အချက်က ရောဂါကာကွယ်ထိန်းချုပ်တဲ့လုပ်ငန်းတွေကို လုံးဝ လျှော့ချလို့ မရကြောင်းလည်း ဝန်ကြီးက ကျန်းမာရေးဌာန လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောကြားလိုက်တာပါ။

လူဦးရေ ၅၂ သန်းလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ ဒီနေ့အချိန်ထိ ဓာတ်ခွဲစစ်ဆေးခဲ့သူပေါင်း ၆၅၃၈ ယောက်ထဲက ၁၄၆ ယောက်မှာ ရောဂါဖြစ်ပွားတာကို တွေ့ရပြီး ဓာတ်ခွဲစစ်ဆေးတာရဲ့ ၂ ဒသမ ၂ ရာခိုင်နှုန်းမှာ ဖြစ်ပွားမှုကို တွေ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်အတွင်း တရက်ကို အနည်းဆုံး ဓာတ်ခွဲနမူနာ ၂၅၂ ခုစစ်ဆေးခဲ့ပြီး အများဆုံး ၄၂၇ ခု စစ်ဆေးခဲ့တယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာ မြို့နယ်ပေါင်း ၄၅ မြို့နယ်မှာ လူနာတွေ တွေ့ထားရပြီး ရန်ကုန်တိုင်းက ၂၈ မြို့နယ်၊ မန္တလေးတိုင်းက ၃ မြို့နယ်၊ ပဲခူး၊ စစ်တိုင်းတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ ၂ မြို့နယ်စီ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်၊ နေပြည်တော်နဲ့ မကွေးတိုင်းတို့မှာ ၁ မြို့နယ်စီ ဖြစ်ပါတယ်။

ဓာတ်ခွဲစစ်ဆေးတာကို ပိုပြီး လုပ်ရင်လုပ်သလို ရောဂါပိုးတွေ့သူတွေ ပိုများပြားလာနိုင်ပြီး ဒီလိုလုပ်မှပဲ ရောဂါရဲ့ ကူးစက်ပျံ့နှံ့မှု အတိမ်အနက်ကိုသိနိုင်ပြီး လိုအပ်တဲ့ ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းတွေကို ရောဂါကူးစက်ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ ဦးစားပေး အားထည့်ပြီး လုပ်မယ်လို့လည်း ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို မတ်လအလယ်လောက်က စပြီး ပြန်လည်ဝင်ရောက်လာပေမယ့် ရောဂါကူးစက် ပြန့်ပွားတာ မများသေးဘဲ ကချင်ပြည်နယ်နယ်စပ်ဂိတ်တွေကိုလည်း တရုတ်နိုင်ငံမှာ အလုပ် လုပ်ကိုင်နေသူတွေ ပြန်လည်ဝင်ရောက်နေပြီး အရေးပေါ်တုံ့ပြန် ကွင်းဆင်း ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team) တွေကို အဲဒီနေရာတွေကို တာဝန်ပေးစေလွှတ်နေတယ်လို့ ဆိုပါတယ်။

ပြည်သူများအနေနဲ့ ရောဂါကူးစက်ဖြစ်ပွားတာဟာ အချိန်အရွေး များပြားလာနိုင်တာ၊ ဘယ်သူမဆိုကူးစက်ခံရနိုင်တာ၊ ရောဂါလက္ခဏာမပြသဘဲ ရောဂါပိုး ရှိနေနိုင်တယ် ဆိုတဲ့ အချက်တွေကို နောက်ခံထားပြီး အိမ်တွင်းမှာပဲ နေထိုင်ကြဖို့၊ တယောက်နဲ့တယောက် ခပ်ခွာခွာ နေထိုင်ကြဖို့၊ လူစုလူဝေးများပြားတဲ့နေရာတွေကို လုံးဝ (လုံးဝ) မသွားဖို့နဲ့ အိမ်ပြင်ထွက်ဖို့ရှိရင် ပါးစပ်နဲ့နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားဖို့၊ အသွားအလာ ကန့်သတ်ခံရပြီး စောင့်ကြပ် ကြည့်ရှုတဲ့နေရာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်ကိစ္စတွေကို အပြည့်အဝ မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ ဆိုတာတွေကို ကိုယ်ပိုင်အရေးကိစ္စလို သဘောထားပြီး တိတိကျကျ အလေးအနက်လုပ်ဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိမှာတော့ ရောဂါအတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူအားလုံး၊ သံသယရောဂါလက္ခဏာရှိသူအားလုံးနဲ့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းခံရသူတွေထဲက အနည်းဆုံး ဦးရေ ၁၀ ရာခိုင်နှုန်းဆီကနေ နှာခေါင်း၊ အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာ တို့ကိုရယူပြီး ဓာတ်ခွဲစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဓာတ်ခွဲစစ်ဆေးတာကို အခုထက် ပိုလုပ်နိုင်ဖို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ဆေးသုတေသန ဦးစီးဌာနတို့အပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းတွေမှာပါ စစ်ဆေးနိုင်ဖို့ စီစဉ်နေပြီး အလှူရှင်တယောက်လှူဒါန်းထားတဲ့ စက်သစ်ကြီးကို သုံးပြီး မကြာခင်ရက်ပိုင်းမှာ ပိုပြီး စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ မွန်းလွဲပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆ ဦး၊ သေဆုံးသူ ၅ ဦးနဲ့  ရောဂါပိုးကင်းစင်လာသူ ၁၀ ဦးရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013