DVB Logo
Home
မြန်မာသတင်း
စင်ကာပူ၊ ထိုင်းနှင့် ဂျပန်မှ ပြန်လာရန် အခက်ကြုံနေသည့် မြန်မာနိုင်ငံသားများကို လေယာဉ်ဖြင့် ပြန်ခေါ်မည်
DVB
·
April 26, 2020
စင်ကာပူ၊ ထိုင်းနှင့် ဂျပန်မှ ပြန်လာရန် အခက်ကြုံနေသည့် မြန်မာနိုင်ငံသားများကို လေယာဉ်ဖြင့် ပြန်ခေါ်မည်
Donate to DVB

စင်ကာပူ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံကို ရောက်ပြီး ပြန်လာဖို့ အခက်ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီလေယာဉ်နဲ့ ပြန်ခေါ်မယ်လို့ သံရုံးတွေက ထုတ်ပြန်ပါတယ်။

COVID-19 ကူးစက်တာကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ ချမှတ်ထားတဲ့ အစီအမံတွေကြောင့် မြန်မာနိုင်ငံကို မပြန်နိုင်ဘဲ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေဆီ တင်ပြထားခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းချက်အရ All Nippon Airways နဲ့ မေလ ပထမပတ်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လူသားချင်းစာနာမှုအကူအညီ လေယာဉ် (Relief Flight) ပြေးဆွဲပေးနိုင်ရေးအတွက် ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

ထွက်ခွာမယ့်နေ့ရက်ကို အသိပေးသွားမှာဖြစ်ပြီး All Nippon Airways လေယာဉ် လက်မှတ် လက်ဝယ်ရှိထားသူတွေအနေနဲ့ မြန်မာသံရုံးကို စောစောအသိပေးဖို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို ပြန်ချင်သူတွေအနေနဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အီးမေးလ် [email protected] ဆီကို ဧပြီ ၂၈ ရက် မွန်းတည့် ၁၂ နာရီထက် နောက်မကျဘဲ  အမည် (Passport ပါအမည်/အင်္ဂလိပ်ဘာသာဖြင့်) ၊ Passport အမှတ်၊  Passport ထုတ်ပေးတဲ့နေ့စွဲ (ရက်/လ/နှစ်)၊ ဂျပန်နိုင်ငံကို စတင်ရောက်ရှိတဲ့နေ့စွဲ (ရက်/လ/နှစ်)၊ ပြန်လည်ထွက်ခွာမယ့် နေ့စွဲ (ရက်/လ/နှစ်)၊ ပြန်လည်ထွက်ခွာလိုတဲ့အကြောင်းရင်း၊ ANA Ticket Reservation အမှတ် (ဥပမာ၊ NH/VGQ5VR…) စတာတွေနဲ့ Passport ရဲ့ ဓာတ်ပုံပါစာရွက် မိတ္တူနဲ့ All Nippon Airways လေယာဉ်လက်မှတ်မိတ္တူတို့ကိုလည်း ပူးတွဲပေးပို့ဖို့ အသိပေးထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ မေလ၊ ပထမပတ်အတွင်း လေယာဉ်ပျံသန်းနိုင်မယ်ဆိုရင် တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မနက် ၈ နာရီ ၁၅ မိနစ်မှာ ထွက်ခွာမှာ ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ဆိုက်ရောက်မယ်လို့ ဆိုပါတယ်။

လေဆိပ်ကောင်တာဟာ မနက် ၇ နာရီခွဲမှာ ပိတ်မှာဖြစ်လို့ ခရီးသည်တွေအနေနဲ့ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်၊ ANA Check-in Counter ဆီကို မနက် ၆ နာရီထက် နောက်မကျဘဲ ရောက်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံက မြန်မာသံရုံးတွေကလည်း အဲဒီနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ဖို့အတွက် အကူအညီ လေယာဉ်ပြေးဆွဲမှာ ဖြစ်ပြီး ပြန်လာမယ့် ခရီးစရိတ်ကို ကိုယ်တိုင်ကျခံရမယ်လို့ ဆိုပါတယ်။ သံရုံးကို ဆက်သွယ်စာရင်းပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းကနေ ပြေးဆွဲပျံသန်းပေးမှာဖြစ်ပြီး လက်မှတ်ကိုတော့ ကိုယ်တိုင်ဝယ်ယူကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့အခါ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ လူထုအခြေပြု ကုသစောင့်ရှောက်မှုပေးတဲ့ (Community-based Facility Quarantine) ၂၁ ရက်နဲ့ မိမိနေအိမ်မှာ သီးခြားနေထိုင်တဲ့ (Home Quarantine)ကာလ ၇ ရက်၊ စုစုပေါင်း ၂၈ ရက်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ဖို့ လိုအပ်မယ်လို့လည်း သံရုံးတွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013