
ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တို့မှာ COVID-19 လူနာသစ် ၄ ဦးထပ်မံ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါလူနာသစ် ၄ ဦးကတော့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦး၊ အင်းစိန်မြို့နယ်က အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းက အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ မူဆယ်မြို့နယ်က အသက် ၈၇ နှစ်အရွယ် အမျိုးသမီး တဦးတို့ ဖြစ်ကြပါတယ်။
လူနာသစ် ၄ ဦးထဲက ၃ ဦးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး မူဆယ်မြို့နယ်က အမျိုးသမီးကတော့ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိပေမယ့် ပြည်ပကိုခရီးသွားခဲ့တာရှိတယ်လို့ သိရပါတယ်။ လူနာအားလုံးဟာ အသွားအလာကန့်သတ်ထားရှိသူတွေဖြစ်တယ်လို့ လည်း ဆိုပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နဲ့ ဆေးသုတေသနဦးစီးဌာနတို့က ဧပြီ ၂၄ ရက် ည ၈ နာရီအထိ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့တဲ့ နမူနာ ၁၆၇ ခုမှာ ၄ ဦးမှာ ရောဂါ တွေ့ရပြီး ကျန်သူတွေကတော့ ရောဂါမတွေ့ရဘူးလို့ ဆိုပါတယ်။
ဧပြီ ၂၄ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၃ ဦးအထိရှိသွားပြီဖြစ်ပြီး ၅ ဦးသေဆုံးကာ ၉ ဦးပြန်ကောင်းသွားပြီဖြစ်ပါတယ်။
Photo-MOHS










