
ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၄ ဦး ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၂၃ ရက် မနက် ၇ နာရီက ထုတ်ပြန်ပါတယ်။
အဆိုပါလူနာသစ် ၄ ဦးကတော့ မင်္ဂလာဒုံမြို့နယ်က အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး၊ ဗိုလ်တထောင်မြို့နယ်က အသက် ၁၈ နှစ်အရွယ်အမျိုးသားတဦး၊ တာမွေမြို့နယ်က အသက် ၄၇ နှစ်အရွယ် အမျိုးသားတဦးနဲ့ အင်းစိန်မြို့နယ်က အသက် ၂၄ နှစ် အရွယ် အမျိုးသမီးတဦးတို့ ဖြစ်ကြပါတယ်။
အဆိုပါလူနာ ၄ ဦးဟာ ပြည်ပကိုသွားခဲ့တဲ့ ခရီးသွားရာဇဝင်မရှိပေမဲ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့လို့ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူတွေဖြစ်ပြီး သက်ဆိုင်ရာဆေးရုံကို လွှဲပြောင်းကာ သီးခြားထားရှိကုသမှု ပေးသွားမယ်လို့ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဧပြီ ၂၂ ရက်ညနေက ပထမအသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ (၁၈၀) ခုအနက် ၂ ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိရပြီး ဒုတိယအသုတ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ (၇၂) ခုအနက် ၄ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဧပြီ ၂၃ ရက် မနက် ၇ နာရီအထိ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၂၇ ဦးရှိပြီး သေဆုံးသူ ၅ ဦးနဲ့ ရောဂါပိုးကင်းစင်လို့ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ ၉ ဦး ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- MOHS










