DVB Logo
Home
မြန်မာသတင်း
WHO ဝန်ထမ်း ပစ်ခတ်တိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးမည်ဟု နိုင်ငံခြားရေးဌာန ထုတ်ပြန်
DVB
·
April 22, 2020
WHO ဝန်ထမ်း ပစ်ခတ်တိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးမည်ဟု နိုင်ငံခြားရေးဌာန ထုတ်ပြန်
Donate to DVB

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်  ပစ်ခတ်ခံရပြီး သေဆုံးသွားတာနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ဝမ်းနည်းကြေကွဲ စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းနဲ့ ဒီဖြစ်ရပ်ကို  စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်ဟာ WHO တံဆိပ်အမှတ်အသား ထင်ထင်ရှားရှား တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တစီးကို တိုက်ခိုက်တာဖြစ်တဲ့အပြင်  ဒီမော်တော်ယာဉ်ဟာ COVID-19 ရောဂါ သံသယရှိလူနာတွေရဲ့ နှာခေါင်းတို့ဖတ် နမူနာတွေကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနဆီကို ပို့ဆောင်ဖို့ ထွက်ခွာလာစဉ် တိုက်ခိုက်ခံရတာဖြစ်လို့ ပိုမိုတုန်လှုပ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

WHO ဝန်ထမ်းတဦး အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်ရစ်သူမိသားစုတို့အား အထူးစာနာထောက်ထား ဝမ်းနည်းကြေကွဲမိကြောင်းနဲ့ COVID-19 ကပ်ရောဂါအား တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းတွေကို ကူညီပံ့ပိုးဖို့ လူသားချင်းစာနာထောက်ထားမှုတာဝန် ထမ်းဆောင်နေတဲ့ WHO မော်တော်ယာဉ်ကို ခုလို  ပြစ်တင်ရှုတ်ချဖွယ်ရာလုပ်ရပ် ကျူးလွန်ခဲ့တဲ့အတွက် မြန်မာအစိုးရက များစွာစိတ်မကောင်း ဖြစ်မိတယ်လို့လည်း ဆိုပါတယ်။

ဧပြီ ၂၀ ရက် ညနေက  ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝန်ထမ်းတွေပါလာတဲ့ UN တံဆိပ်ပါ မော်တော်ယာဉ် ပစ်ခတ်ခံရပြီး WHO ဝန်ထမ်း ကျန်းမာရေးကြီးကြပ်သူ ဦးအောင်မျိုးဦးနဲ့ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်တို့ ဒဏ်ရာရခဲ့တာပါ။ သူတို့နှစ်ဦးကို မင်းပြားဆေးရုံကို ပို့ဆောင်ကုသပေးနေစဉ်  ဦးပြည့်စုံဝင်းမောင်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက်  ဧပြီလ ၂၁ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

အဆိုပါပစ်ခတ်မှုကို အေအေအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးကရော တပ်မတော်ကပါ သတင်းထုတ်ပြန်ထားပါတယ်။ အေအေဘက်ကတော့ သူတို့ လက်ချက်မဟုတ်ဘဲ တံတားလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဂိတ်က လက်နက်ငယ်နဲ့ပစ်တာလို့ ငြင်းဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒီဖြစ်ရပ်အခြေအနေတွေကို စုံစမ်းစစ်ဆေးနေပြီး လုပ်ဖော်ကိုင်ဖက်ရဲ့ မိသားစုနဲ့ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရတယ်လို့ ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းနဲ့  ဒီပစ်ခတ်မှုကို ပြည့်ပြည့်စုံစုံနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူဖို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

အစိုးရအနေနဲ့လည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်သလို အလားတူ ထပ်မံမဖြစ်ပွားစေဖို့ ကာကွယ်တားဆီးရေး ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013