DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း စည်ပင်ဝန်ကြီး ဦးဆောင်ပြီး Mask ကမ်ပိန်းပြုလုပ်
DVB
·
April 20, 2020
စစ်ကိုင်းတိုင်း စည်ပင်ဝန်ကြီး ဦးဆောင်ပြီး Mask ကမ်ပိန်းပြုလုပ်
1 / 2
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် Mask တပ်ဖို့ ညွှန်ကြားထားပေမဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မတပ်ဘဲ သွားလာနေသူတွေရှိတာကြောင့် စည်ပင်ဝန်ကြီးကိုယ်တိုင် ဦးဆောင်ကာ Mask တပ်ဖို့ ကမ်ပိန်းပြုလုပ်နေပါတယ်။

“ကိုဗစ်ရောဂါက မြန်မာနိုင်ငံမှာ တော်တော်လေး ကျယ်ပြန့်လာတယ်။ အပြင်ထွက်ရင် လူတိုင်း Mask တပ်ဖို့ ညွှန်ကြားချက်တွေလည်း ထုတ်ထားတယ်။ စည်ပင်အနေနဲ့ကတော့ အဓိက စျေးတွေမှာ Mask မပါရင် ရောင်းခွင့်၊ ဝယ်ခွင့်မပြုဘူး။ စျေးသက်သာတဲ့ ပြည်တွင်းဖြစ် Mask တွေကို စျေးနှုန်းချိုသာစွာနဲ့ ချုပ်လုပ်ပေးနေတယ်။ အခုတော့ ပညာပေးအနေနဲ့ ဝေငှပေးနေပါတယ်။ နေ့တိုင်း မလုပ်နိုင်တဲ့အတွက် ပြည်သူတွေ ဝယ်ပြီးတပ်ကြဖို့ကို ညွှန်ကြားချက်တွေ ထုတ်မှာပါ။ မုံရွာတင်မကပါဘူး။ တတိုင်းလုံးက ၃၇ မြို့နယ်လုံးကို စည်ပင်သာယာရေးဌာနကနေ ကြီးကြပ်ပြီးတော့ ဖြန့်ဝေပေးသွားမယ်။ အဲလိုလုပ်ရာမှာ ပြည်သူတွေ၊ အရပ်ဘက်တွေ၊ မီးသတ်၊ ပြည်သူရဲ့ ဒီပုဂ္ဂိုလ်တွေနဲ့ ပညာပေးလိုက်ရင် လူတွေကလည်း အစိုးရအဖွဲ့နဲ့ဌာနဆိုင်ရာတွေက ဒီလောက်လုပ်နေတာ တို့လည်း တို့ကိုယ်ပိုင်အသိနဲ့ အပြင်ထွက်ရင် Mask တပ်ရမယ်ဆိုတဲ့ အသိလေးတွေဝင်အောင် လုပ်နေတာပါ” လို့ စစ်ကိုင်းတိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။

စျေးတွေမှာ ဖြန့်ဝေပေးနေတာ တပတ်လောက်ရှိပြီဖြစ်ပြီး မြို့ထဲက လမ်းမကြီးတွေမှာတော့ ဧပြီ ၁၈ ရက်နေ့က Mask အခုရေ ၂ ထောင်နဲ့ ၁၉ ရက်နေ့မှာ ၃ ထောင်ကျော် အခမဲ့ ဖြန့်ဝေပေးနေတာပါ။ 

အရင်ကလည်း အရပ်ဘက်အဖွဲ့တွေ၊ လုပ်ငန်းရှင်တွေက ပေးဝေတာတွေလည်း ရှိခဲ့ပါတယ်။ 

လတ်တလောမှာ စစ်ကိုင်းတိုင်းအနေနဲ့လည်း ကိုဗစ်ပိုးရှိသူ ၂ ယောက်တွေ့ထားသလို တနိုင်ငံလုံးမှာလည်း ဖြစ်ပွားသူက တိုးလာနေပါတယ်။ 

တချို့နေရာတွေမှာ Mask မတပ်ဘဲ သွားလာရင် အပြစ်ပေးတာတွေလည်း ရှိနေပေမယ့် စစ်ကိုင်းတိုင်းအနေနဲ့တော့ အပြစ်ပေးအရေးယူဖို့ ညွှန်ကြားထားတာ မရှိသေးဘဲ အပြစ်ပေး အရေးယူရလောက်အောင်လည်း လုပ်ဖို့ မလိုအပ်သေးသလို စည်းရုံးမှုနဲ့ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

သင်္ကြန်ကာလလွန်မြောက်လာလို့ စျေးဆိုင်တော်တော်များများ ပြန်ဖွင့်နေပြီး စျေးရောင်းဈေးဝယ်တွေနဲ့ ပြန်လည်စည်ကားနေကာ စျေးတွေ စနစ်တကျဖြစ်အောင် စည်ပင်က စီမံတာတွေရှိပေမယ့် လိုက်နာမှုအားနည်းတာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ စျေးဆိုင်တွေကို ကိုဗစ်နဲ့ပတ်သက်ပြီး တရားစွဲဆိုတာတော့ မရှိသေးပါဘူး။ ဥပဒေနဲ့ ပြောမှရမယ့်သူကိုတော့ ဥပဒေအတိုင်းပဲ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013