
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မိုးသက်လေပြင်းကျရောက်ခဲ့တာကြောင့် နေအိမ် ၂၁ လုံး အမိုးလန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းနဲ့ မိုးသီးကြွေကျတာကြောင့် ရေဦးမြို့နယ်ထဲက မြင်းပေါက်ကျေးရွာအုပ်စု၊ စည်သာမြေကျေးရွာအုပ်စု၊ သံသည်ကျေးရွာအုပ်စုနဲ့ ရေဦးကုန်းကျေးရွာအုပ်တို့က နေအိမ် ၂၁ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။
နေအိမ်အမိုးလန်တာတွေပဲ ဖြစ်ပေါ်ခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးစဝီလီဖရန့်က ပြောပါတယ်။
"မနေ့ကတော့ ရေဦးမြို့နယ်တစ်ခုပဲ ထိခိုက်မှု ရှိခဲ့တယ်။ အရင်ရက်ကတော့ မင်းကင်း၊ ရေဦး၊ ယင်းမာပင်၊ ကလေး မြို့နယ်တို့မှာ ငလျင်လှုပ်တာ၊ မီးလောင်တာ၊ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရေဦးမြို့နယ်က လေဘေးထိခိုက်ခဲ့တဲ့ နေအိမ် ၂၁ လုံး၊ အိမ်ထောင်စု ၂၁ စုမှာ နေအိမ်အမိုးလန်တာတွေဖြစ်ပေါ်ခဲ့တယ်။ အဲဒီအတွက် ကျပ် ၅ သိန်းကျော်ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။"
စစ်ကိုင်းတိုင်းမှာ လေဘေးက ဧပြီလအတွင်း ခပ်စိပ်စိပ် ကျရောက်လာတာဖြစ်ပြီး မနှစ်ကထက် ၁ လဝန်းကျင် နောက်ကျခဲ့ပါတယ်။
အခုနှစ်အတွင်း လေဘေးဖြစ်ပွားမှုက အနည်းဆုံး ၈ ကြိမ်ဝန်းကျင်ရှိပြီဖြစ်ကာ မိုးကြိုးဘေးက ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။
ငလျင်ကတော့ မကြာခဏ လှုပ်တာရှိပေမယ့် မနှစ်ကလို ကြီးကြီးမားမား ထိခိုက်တာမျိုးတွေတော့ မရှိသေးပါဘူး။
လတ်တလောမှာ ဘေးစီမံဦးစီးဌာနကနေ ကျေးရွာတွေအထိ ကွင်းဆင်းကာ အသံချဲ့စက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အသိပညာပေးဟောပြောပွဲတွေနဲ့ တဆက်တည်း လေဘေး၊ မီးဘေး စတဲ့ သဘာဝဘေးအန္တရာယ်တွေကိုပါ သတိထားကြဖို့ အသိပေး ညွှန်ကြားတာတွေ ရှိနေပါတယ်။










