
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်းမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လေကြောင်းရန်ကို စိုးရိမ်ပြီး ကျေးရွာ ၆ ရွာကျော်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ ညတွင်းချင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နဲ့ ၁၉ ရက်က တပ်မဟာ ၁ နယ်မြေ၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင်းက သဝေါသော (ချောင်းစောင့်) ကျေးရွာ အနီးတဝိုက်ကို နှစ်ရက်ဆက်တိုက် စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သဝေါသော (ချောင်းစောင့်) ကျေးရွာက ဒေသခံ အမျိုးသားတယောက် သေဆုံးပြီး အမျိုးသမီးတယောက် စိုးရိမ်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ကုန်စုံဆိုင် မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒါကြောင့် လေကြောင်းရန်ကို ထပ်မံစိုးရိမ်ပြီး သဝေါသော (ချောင်းစောင့်) ကျေးရွာအပြင် မယ်ရူခီး၊ ကော်ကာ၊ ဆောသူခီး (ကျောက်ဖျာ)၊ တယာဒေးနဲ့ ထီးဖာဒို့ စတဲ့ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ကရင်နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူတယောက်က “အခုလက်ရှိအခြေအနေကတော့ စကမက စစ်ရေးနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာကို ကျနော်တို့အားလုံး တွေ့နေရ မြင်နေရတယ်။ အခုတော့ တပ်မဟာ ၁ ထဲမှာတော့ အဆိုးဆုံးအခြေအနေကို ရောက်တယ်။ စကမက အရပ်သားပစ်မှတ်တွေကို တစိုက်မတ်မတ်နဲ့ သေသေချာချာ စီမံခန့်ခွဲပြီးတော့မှ လုပ်ဆောင်လာတယ်လို့ ကျနော်တို့ မြင်တယ်။ အထူးသဖြင့် သုံးသပ်ရမယ်ဆိုရင်တော့ ဒါ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူလူထုတွေက အားပေးအားမြှောက် မလုပ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ နောက်တခုက ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး အဆင်မပြေအောင်ရယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တမင်တကာကို စနစ်တကျ ဖန်တီးပြီးတော့ တိုက်ခိုက်နေတယ်လို့ ကျနော်တို့ သုံးသပ်ရတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်စစ်ကြောင်းတွေဟာ စစ်ရေးဗျူဟာကျတဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ထိစပ်နေတဲ့ တပ်မဟာ ၁ နယ်မြေကနေ ကရင်ပြည်နယ်အတွင်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
လက်ရှိမှာလည်း လေယာဉ်သံကြားရင် ကြောက်ရွံ့နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အခက်အခဲကတော့ ရှိတာပေါ့။ မိုးတွင်းဆို ပိုပြီးခက်ခဲတာပေါ့။ စိုးရိမ်ကြောက်လန့်တယ်ဆိုတော့ ရှောင်တဲ့လူက ရှောင်နေတယ်။ စစ်ကောင်စီက အလူး ဖိုးဝါးသိမ်ဘက်ခြမ်းကို စစ်ကြောင်းတွေ ထိုးလာတယ်ကြားတယ်။ အခု လေယာဉ်ကြဲသွားတဲ့ကိစ္စနဲ့ သူတို့ လေယာဉ်သံကြားရင် ကြောက်ရွံ့နေကြတာ။ အကြောက်တရားနဲ့ နေနေရတဲ့ ပုံစံနဲ့ ဘယ်သွားရ ဘယ်လာရမှန်းလည်း မသိဘူး။ အဖွဲ့အစည်းတွေကတော့ လိုက်ပြီး ကူညီနေကြတာပေါ့နော်။ ဒါပေမဲ့ လိုအပ်တာတော့ လိုအပ်တာပေါ့နော်။ မလုံလောက်ဘူး။ လူတွေက များတာကို။ အဓိက ဆေးဝါးလိုအပ်တယ်။ စားရေးသောက်ရေးပေါ့။”
စစ်အာဏာရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး DVB က တပ်မဟာ ၁ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် သတင်းထုတ်လွှင့်ချိန်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၅ ရက် မနက် ၁၁ နာရီခွဲလောက်ကလည်း ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တပ်မ ၄၄ ကနေ ၁၂၀ မမနဲ့ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက် လုပ်ငန်းခွင် ဝင်ရောက်နေတဲ့ ဒေသခံ အမျိုးသားတယောက် လက်နက်ကြီးစ ထိမှန်ပြီး သေဆုံးခဲ့တဲ့အပြင် နေအိမ်ပါ ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။










