
ပါပူအာကမ်းလွန်ဒေသ အပါအဝင် အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ဘက်ရေပြင်မှာ ငါးဖမ်းစက်လှေ အများစုဟာ ၈ လကနေ ၉ လအထိ ကြာအောင်ဖမ်းခဲ့တဲ့ ပြည်ပပို့ကုန်အဆင့်ရှိတဲ့ မက်ကရယ်ငါးနဲ့ တူနာငါးတွေကို သယ်ပြီးပြန်လာနေကြပါတယ်။
ဒါပေမဲ့ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာလို့ ဆိပ်ကမ်းက အလုပ်များတဲ့ မြင်ကွင်းတွေရဲ့ နောက်ကွယ်မှာ ငါးဖမ်းလုပ်ငန်းလည်ပတ်မှုတွေ ရပ်တန့်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေပါတယ်။
အင်ဒိုနီးရှားမှာ ဒီဇယ်ဈေးနှုန်းတွေလည်း မကြာသေးမီလတွေအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ဈေးတက်တာ ၃ ကြိမ်လောက် ရှိပါပြီဖြစ်ပြီး ပထမတကြိမ်က အိဒ်ပွဲတော်အပြီးမှာ ဒီဇယ်ဆီ ၁ လီတာကို ရူပီးယား ၁၄,၀၀၀ လောက်အထိ မြင့်တက်ခဲ့ကာ နောက်ပိုင်းမှာ ၁၈,၀၀၀ လောက်အထိ ပြန်တက်လာခဲ့ ပါတယ်။
အခု နောက်ဆုံးရသတင်းတွေအရ ရူပီးယား ၂၇,၀၀၀ ကနေ ၃၀,၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ စက်လှေပိုင်ရှင်တယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အလယ်ဂျာဗားပြည်နယ်ရဲ့ အလုပ်အများဆုံး ငါးဖမ်းဗဟိုချက်နေရာ ဂျူဝါနာမြို့တဝိုက်မှာ ငါးဖမ်းသမားတွေ ပင်လယ်ထဲ မထွက်နိုင်တော့ပါဘူး။
ဂျူဝါနာမြို့မှာရှိတဲ့ စက်လှေ ၁,၆၈၀ လောက်ထဲက မတ်မှာ ၇၉ စင်းလောက်နဲ့ ဧပြီလမှာ ၄၂၅ စင်းလောက် လည်ပတ်နေပါတယ်လို့ ငါးဖမ်းသမားများအသင်းရဲ့ အကြီးအကဲ အီကို ဘူဒီအိုနိုက ပြောပါတယ်။
လှေသားအများစုအတွက် ကမ်းပေါ်မှာပဲ နေရတာက သူတို့ရဲ့ တခုတည်းသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ဆုံးရှုံးသွားစေတယ်လို့ သူက ဆက်ပြောပါတယ်။
အသက် ၄၂ နှစ်အရွယ် သင်္ဘောသား ဆူရိုဆိုက “ဒါက အရမ်းလေးလံတဲ့ ဝန်ထုပ်ဝန်ပိုးပါ။ ကျနော်တို့မှာ တခြားကျွမ်းကျင်မှု မရှိပါဘူး။ ကုန်းပေါ်မှာ အလုပ်ရှာဖို့ ခက်ခဲပါတယ်”လို့ ပြောပါတယ်။
Source: Reuters










