DVB Logo
Home
မြန်မာသတင်း
ပုသိမ်ဆေးရုံတွင် စောင့်ကြည့်နေသည့် အထည်ချုပ် ဝန်ထမ်း ၃ ဦး ရောဂါပိုးမတွေ့
DVB
·
April 17, 2020
ပုသိမ်ဆေးရုံတွင် စောင့်ကြည့်နေသည့် အထည်ချုပ် ဝန်ထမ်း ၃ ဦး ရောဂါပိုးမတွေ့
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ သံသယလူနာအဖြစ် ဆေးရုံမှာ စောင့်ကြည့်ခဲ့တဲ့ အထည်ချုပ်စက်ရုံဝန်ထမ်း ၃ ဦးမှာ ရောဂါပိုး မတွေ့ရှိရပေမဲ့ ၄၈ နာရီ စောင့်ကြည့်သွားမယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ဆေးရုံမှာ စောင့်ကြည့်ခဲ့သူ ၃ ဦးရဲ့ ဓာတ်ခွဲနာမူနာတွေကို ဧပြီ ၁၅ ရက်နေ့က ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ပို့ဆောင်ခဲ့ပြီး ဧပြီ ၁၇ ရက်နေ့ မနက်ပိုင်း ဓာတ်ခွဲအဖြေရလဒ်အရ ရောဂါပိုးမတွေ့ဘူးလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဒီဗွီဘီကိုပြောပါတယ်။

"ခုချိန်မှာ အားလုံးက ကျန်းမာရေးကောင်းပါတယ်။ ဓာတ်ခွဲအဖြေရလဒ်ထွက်လာတော့ ပိုးတွေ့တာ မရှိဘူး။ ဒါပေမယ့် ၄၈ နာရီစောင့်ကြည့်သွားဦးမယ်၊ သူတို့ကလည်း ဒီရောဂါလက္ခဏာ တော့ သိပ်မတွေ့ဘူး၊ သံသယကင်းအောင် စစ်တာဖြစ်ပါတယ်။" 

အဲဒီ ၃ ဦးထဲမှာ တရုတ်ဘာသာပြန်ဖြစ်တဲ့ အမျိုးသားက ပုသိမ်ဆေးရုံကို ဧပြီ ၁၅ ရက်နေ့က လာတက်တာ၊ ဒုတိယတဦးက အပြင်ဆေးခန်းတွေမှာ လိုက်ပြနေလို့ ဆေးရုံကြီးကို ခေါ်ထားရတာ ဖြစ်ပြီး နောက်ဆုံးတဦးကတော့ ဆေးရုံကို ဧပြီ ၁၆ ရက်နေ့ မနက် ၁၁ နာရီလောက်က ရောက်လာလို့ သီးသန့်ခွဲထားပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီဝန်ထမ်း ၃ ဦးဟာ စက်ရုံမတူသလို ဘာသာပြန် ၁ ဦး၊ ကွန်ပျူတာသမား ၁ ဦးနဲ့ အထည်ချုပ်ပိုင်းက ၁ ဦးတို့ဖြစ်ပြီး လည်ချောင်းနာတာ၊ ဖျားတာ၊ ချောင်းဆိုတာ စတဲ့ လက္ခဏာတွေ ရှိတာကြောင့် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ၃ ဦးကို ၄၈ နာရီစောင့်ကြည့်တာတွေပြုလုပ်ပြီး ကျန်းမာရေးကောင်းမွန်ရင် အိမ်ပြန်ခွင့်ပြုမှာဖြစ်သလို အပြင်မထွက်ဘဲ အိမ်မှာ ၇ ရက်နေထိုင်ဖို့နဲ့ ကျန်းမာရေး အသိပညာပေးတာတွေ လုပ်ဆောင်သွားမယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

ပုသိမ်မြို့မှာ ရှိတဲ့ အထည်ချုပ်စက်ရုံ ၈ ရုံကို သင်္ကြန်ပိတ်ရက်နဲ့တိုက်ပြီး ဧပြီ ၉ ရက်က စတင်ကာ ၁၀ ရက် ပိတ်ထားခဲ့တာပါ။ 

အဆိုပါ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအင်အား ၁၀၀၀၀ နီးပါးရှိပြီး  ဧပြီ ၂၀ ရက်နေ့ စတင်အလုပ်ပြန်ဆင်းရမှာလို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း အထည်ချုက်စက်ရုံတွေ မပိတ်ပေမယ့် ဝန်ကြီးဌာနရဲ့ ကျန်းမာရေးအသိ ပညာပေးထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိတဲ့ စက်ရုံတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ တိုင်းအစိုးက ပြောဆိုထားပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013