
၂၀၂၆ ရွေးကောက်ပွဲအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အာဏာရ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချနိုင်ဖို့အတွက် အကြီးမားဆုံး နိုင်ငံရေးပြိုင်ဘက် ၂ ယောက်က ပူးပေါင်းလိုက်တဲ့အကြောင်း ကြေညာသွားပါတယ်။
ဒါဟာ အစ္စရေးဝန်ကြီးချုပ်ဟောင်းတွေ ဖြစ်ကြတဲ့ နက်ဖ်တာလီ ဘန်းနတ်နဲ့ ယဲလာပစ်ဒ်တို့ရဲ့ ပူးတွဲကြေညာချက်ကို ဧပြီ ၂၆ ရက်က ထုတ်ပြန်ခဲ့တာပါ။
အခုနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ လျာထားတဲ့ ရွေးကောက်ပွဲအတွက် “Bennett 2026” နဲ့ “There Is a Future” စတဲ့ အဓိကအတိုက်အခံပါတီ ၂ ခုကြား ပေါင်းစည်းသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလိုမျိုး အလယ်အလတ် ဗဟိုဝါဒီ လာပစ်ဒ်နဲ့ လက်ယာယိမ်းဝါဒီ ဘန်းနတ်တို့ကြား မဟာမိတ်ဖွဲ့စည်းမှုက အကွဲကွဲအပြားပြားဖြစ်နေတဲ့ အတိုက်အခံ အင်အားစုတွေကို ပြန်စုစည်းနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။
အဲဒီပါတီအသစ်ကို “Together - အတူတကွ” လို့ အမည်ပေးထားပြီး ဘန်းနတ်ကပဲ ပါတီခေါင်းဆောင်အနေနဲ့ တာဝန်ယူသွားဖို့ရှိပါတယ်။
ဘန်းနတ်က“ဒီကနေ့ညမှာ မိတ်ဆွေကြီး ယဲလာပစ်ဒ်နဲ့အတူ ကျုပ်တို့နိုင်ငံအတွက် ဇိုင်ယွန်ဝါဒီ အကျဆုံးနဲ့ မျိုးချစ်စိတ်အရှိဆုံး ခြေလှမ်း လှမ်းလိုက်ပြီ ဆိုတာကို ကြေညာရတဲ့အတွက် ဝမ်းမြောက်မိပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
အလားတူ လာပစ်ဒ် ကလည်း “ဘန်းနတ်ဟာ လက်ယာယိမ်း နိုင်ငံရေးသမားတယောက် ဖြစ်ပေမဲ့လည်း ရိုးသားမှုရှိပါတယ်။ ကျုပ်တို့ကြားမှာပါ ယုံကြည်မှုရှိပါတယ်” ဆိုပြီး ပြောကြားပါတယ်။
အရင်ကတည်းက ဘန်းနတ်နဲ့ လာပစ်ဒ်တို့ ပူးပေါင်းခဲ့ဖူးပြီး ၂၀၂၁ ရွေးကောက်ပွဲမှာ နေတန်ယာဟုရဲ့ ၁၂ နှစ်ဆက်တိုက် အုပ်ချုပ်လာမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီတုန်းက ညွန့်ပေါင်းအစိုးရဟာ ၁၈ လနီးပါးသာ ရပ်တည်နိုင်ခဲ့တဲ့အလျောက် ၂၀၂၂ ရွေးကောက်ပွဲအရောက်မှာ နေတန်ယာဟုကို တဖန် ပြန်လည် အနိုင်ရစေခဲ့ပါတယ်။
ဒါကြောင့်ပဲ အစ္စရေးရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် နေတုန်ယာဟုဟာ နိုင်ငံ့သမိုင်းတလျှောက် အစွန်းအရောက်ဆုံး လက်ယာယိမ်းဝါဒီတွေနဲ့အတူ အာဏာပြန်ရလာခဲ့ပါတယ်။
အသက် ၆၂ နှစ်အရွယ် သတင်းကြေညာသူဟောင်း လာပစ်ဒ်ကတော့ အခွန်နဲ့ စစ်မှုထမ်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကြောင့် စိတ်ပျက်နေတဲ့ လူလတ်တန်းစားကို ကိုယ်စားပြုတယ်ဆိုပြီး ကြွေးကြော်ထားပါတယ်။
အလားတူ အသက် ၅၄ နှစ်အရွယ် ဘန်းနတ်ဟာ အထူးကွန်မန်ဒို စစ်သားဟောင်းတယောက်ဖြစ်ပြီး နောက်ပိုင်းမှာ နည်းပညာလုပ်ငန်းနဲ့ သန်းကြွယ်သူဌေး ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် လူထုသဘောထား စစ်တမ်းတွေအရ ဘန်းနတ်ဟာ နေတန်ယာဟုရဲ့ နောက်မှာ ကပ်လျက် ရှိနေပြီး ထိပ်တန်း ပြိုင်ဘက်တယောက် ဖြစ်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
Source: Reuters










