DVB Logo
Home
မြန်မာသတင်း
COVID-19 အတည်ပြုလူနာ ၂  ဦးသေဆုံးမှု ကျန်းမာရေးဌာန အတည်ပြုထုတ်ပြန်
DVB
·
April 8, 2020
COVID-19 အတည်ပြုလူနာ ၂  ဦးသေဆုံးမှု ကျန်းမာရေးဌာန အတည်ပြုထုတ်ပြန်
Donate to DVB

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ  အမှတ် ၁၆ (Case-16) အမှတ် ၁၇ နဲ့  (Case-17) တို့ဟာ အထူးကြပ်မတ် ဆေးကုသမှုခံယူနေရာကနေ သေဆုံးသွားတဲ့အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ ညနေ အတည်ပြုထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း ပေါက်ခေါင်းမြို့မှာနေထိုင်တဲ့ COVID-19 အတည်ပြုလူနာ အမှတ် ၁၇  ဖြစ်တဲ့ အသက် (၄၇) နှစ်အရွယ် သွေးတိုးရောဂါအခံရှိတဲ့ အမျိုးသားလူနာ ဧပြီ ၆ ရက်က ချောင်းဆိုးသွေးပါခြင်း၊ မောပန်းခြင်း စသည့်လက္ခဏာတွေ ခံစားခဲ့ရလို့ ပြည်မြို့ပြည်သူ့ဆေးရုံ၊ အထူးကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့ကုသမှုခံယူခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၇ ရက်မှာတော့ အမောဖောက်ခြင်း၊ သွေးတွင်းအောက်စီဂျင်ဓာတ် ကျဆင်းခြင်း လက္ခဏာများခံစားခဲ့ရကာ အထူးကုသမားတော်ကြီးတွေ ပါဝင်တဲ့ အဖွဲ့၊ ဆေးတက္ကသိုလ် (၁)ရန်ကုန်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ၊ သမားတော်ကြီးတွေပါဝင်တဲ့အဖွဲ့က ပူးပေါင်း ဆေးကုသပေးခဲ့ပေမယ့် လူနာရဲ့ အခြေအနေမှာ သက်သာလာခြင်း မရှိဘဲ ဧပြီ ၈ ရက် မနက် ၃ နာရီ ၄၀ မိနစ်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးရသည့် အကြောင်းအရင်း (Cause of Death) မှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာနဲ့ သွေးတိုးရောဂါအခံတို့ကြောင့် ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

အလာတူ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ကနေ မြောက်ဥက္ကလာပမြို့နယ်မှာ ခေတ္တတည်းခိုနေထိုင်ခဲ့တဲ့ COVID-19 အတည်ပြုလူနာ အမှတ် ၁၆ ဖြစ်တဲ့ အသက် (၆၃) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးလူနာဟာလည်း  ဧပြီ ၁ ရက် ညပိုင်းက ဝေဘာဂီ အထူးကုဆေးရုံကြီး၊ အထူး ကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့ ဆေးကုသမှုပေးနေစဉ် လူနာရဲ့ အခြေအနေဟာ နောက်တနေ့က စလို့ ပိုမိုဆိုးရွားလာခဲ့တယ်လို့ဆိုပါတယ်။

ဧပြီ ၈ ရက်မှာတော့  လူနာအမျိုးသမီးဟာ အပြင်းဖျားခြင်း၊ သတိကောင်းစွာမရခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်း ဝေဒနာများခံစားခဲ့ပြီး ဝေဘာဂီအကူးကုဆေးရုံကြီးရှိ ပါမောက္ခ သမားတော်ကြီးတွေ ပါဝင်တဲ့အဖွဲ့က ဆေးကုသပေးခဲ့ပေမယ့် သက်သာလာခြင်းမရှိဘဲ ဒီနေ့မနက် ၁၀နာရီ ၅ မိနစ်မှာ သေဆုံးသွားပါတယ်။

အဆိုပါလူနာ သေဆုံးရတဲ့ အကြောင်းအရင်းတွေကတော့  ရုတ်တရက် နှလုံးသွေးကြောပိတ်ကာ နှလုံးကြွက်သားပုပ်သွားခြင်း၊ (Acute Myocardial Infarct)၊  ပြင်းထန် အဆုတ်ရောင်ရောဂါ (Severe Pneumonia) ၊ အမျိုးအစား (၂) ဆီးချိုရောဂါနှင့် နာတာရှည် ကျောက်ကပ်ရောဂါနှင့် နှလုံး သွေးကြောကျဉ်းရောဂါအခံရှိခြင်း (Underlying Type –II Diabetes Mellitus, Chronic Kidney Disease and Ischemic Heart Disease) တို့ဖြစ်ကြောင်း ကျန်းမာရေးဌာနက သတ်မှတ် ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ဒီကနေ့အထိ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း အတည်ပြုလူနာ ၂၂ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိသွားပြီဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013