
ထိုင်းနိုင်ငံမှာ မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆေးထုပ်တွေ ရောင်းချနေတာကို တွေ့ရှိပြီး အဆိုပါဆေးတွေဟာ ထိုင်းဆေးဝါးမှတ်ပုံတင် မရှိတဲ့အပြင် အသက်အန္တရာယ်ထိပါ ထိခိုက်စေနိုင်တယ်လို့ ချင်းမိုင်နယူးစ် ထိုင်းသတင်းက စက်တင်ဘာ ၈ ရက်မှာ ဖော်ပြပါတယ်။
ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန စားသုံးသူများကာကွယ်ရေးနဲ့ ဆေးဝါးဗေဒဌာနခွဲရဲ့ ထုတ်ပြန်သတိပေးချက်အရ မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆေးထုပ်တွေမှာ ထိုင်းဆေးဝါးဌာန မှတ်ပုံတင် FDA မရှိတဲ့အပြင် အထဲမှာ ပါဝင်တဲ့ပစ္စည်းတွေကို အမှန်တကယ် မသိရှိနိုင်ဘူး၊ စတီးရွိုက် Steroid ဆေးဝါးတွေ ပါဝင်နေတာကြောင့် အဲဒီဆေးကို မှီဝဲပါက ကျောက်ကပ်ကို ထိခိုက် ပျက်စီးစေနိုင်ပြီး အသက်အန္တရာယ်ထိပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
တရားမဝင် ဆေးဝါးရောင်းချသူတွေ၊ မှတ်ပုံတင်မထားတဲ့ ဆေးဝါးရောင်းချသူတွေဟာ ထိုင်းဆေးဝါးဥပဒေအရ ဒဏ်ငွေ ဘတ် ၅,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ် ၅ နှစ်ထက်မပို ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာဖြစ်တယ်။ ဆေးဝါးအစုံလိုက် ရောင်းချက ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမယ်လို့ ဆိုပါတယ်။
တရားမဝင် ဆေးဝါးရောင်းချတာ ဒါမှမဟုတ် မှတ်ပုံတင်မရှိတဲ့ ဆေးဝါးတွေ ရောင်းချနေတာ တွေ့ရှိက ထိုင်းအစားအစာနဲ့ ဆေးဝါးထိန်းချုပ်ကွပ်ကဲရေးဌာန FDA ရဲ့ အရေးပေါ်ဖုန်းလိုင်း ၁၅၅၆ ဒါမှမဟုတ် နီးစပ်ရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တိုင်ကြားနိုင်တယ်။
ပြည်သူတွေအနေနဲ့ ဆေးဝါးတွေကို တရားဝင်လိုင်စင်ရှိတဲ့ ဆေးဆိုင်တွေမှာသာ ဝယ်ယူကြဖို့၊ ဆေးမမှီဝဲခင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
Source: Chiangmai News / Khaosod











